Thursday, September 12, 2013

SME လုပ်ငန်းအခက်အခဲများကို ကူညီရန် နယ်သာလန်ပညာရှင်များ လာရောက်မည်

မင်းသူရ

နယ်သာလန်နိုင်ငံမှ PUM စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းမှ ပညာရှင်များသည်မြန်မာနိုင်ငံမှအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရင်ဆိုင်နေရသော အခက်အခဲများကို ကူညီရန်နှင့် အကြံဥာဏ်များ ပေးနိုင်ရန်အတွက် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း လာရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ PUM အဖွဲ့အစည်းမှ စီမံကိန်း မန်နေဂျာ ဒေါ်နွယ်နီခင်စိုး က ပြောသည်။

အဆိုပါပညာရှင်အဖွဲ့တွင် စိုက်ပျိုးရေး နှင့် အဓိကဆိုင်သော ပညာရှင်သုံးဦးပါဝင်ပြီး လာရောက် လေ့လာရန် ကြိုတင်လျှောက်လွှာတင်ထားသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မိုးကုတ်မြို့တို့မှ လုပ်ငန်းများကို သွားရောက်လေ့လာအကြံဉဏ်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်နွယ်နီခင်စိုးက ဆိုသည်။

“အဲဒီတော့ လုပ်ငန်းတွေကို ပြည်ပဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်တွေကို ဘယ်လိုချဲ့ထွင်ရမလဲ၊ လက်ရှိ လုပ်ငန်း အခြေအနေကို တိုးတက်အောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေ ကူညီပေးမယ်”ဟု ဒေါ်နွယ်နီ ခင်စိုးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းတွင် ပါဝင်သည့် ရုပ်သေးထုတ်လုပ်မှုကို နိုင်ငံခြားဈေးကွက် အတွက် ပိုမိုကောင်းမွန်ပြီး နည်းပညာမြင့်အရုပ်များ ထုတ်လုပ်နိုင်ရန်အတွက် PUM အဖွဲ့အစည်းထံသို့လည်း အကူအညီတောင်းထားကြောင်း ရွှေမြန်မာရုပ်သေးရောင်းဝယ်ရေးမှ ဦးစိန်းအေးမြင့်က ဆိုသည်။

PUM အဖွဲ့အစည်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ခန့်က တည်ထောင်ခဲ့ပြီး ပညာရှင်ပေါင်း ၃၀,၀၀၀ ခန့်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ အကူအညီပေးနိုင်ရန်အတွက် အာရှနိုင်ငံများ၊ အရှေ့အာရှ အလယ်ပိုင်းဒေသ၊ လက်တင်အမေရိကနိုင်ငံများ၊ အရှေ့ဥရောပနှင့် အလယ်ပိုင်းဥရောပနိုင်ငံများသို့ စေလွှတ်ခဲ့ကြောင်း ယင်းဌာနသတင်းထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်သာလန်အခြေစိုက် PUM အဖွဲ့အစည်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အကူအညီများပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လတွင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါတွင် မန္တလေးမှ လုပ်ငန်းများကို အကူအညီပေးနိုင်ရန်အတွက်လည်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်က လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments: