Thursday, September 12, 2013

ပဋိပက္ခတွေ ထပ်မံမဖြစ်အောင် ဦးဝီရသူနဲ့ အစ္စလမ်အဖွဲ့တို့ သဘောတူ လက်မှတ်ထိုး

ABC

မြန်မာနိုင်ငံတွင်းမှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ဘာသာရေး ​ပဋိပက္ခတွေ ​ထပ်မံမဖြစ်လာဖို့အတွက် ​အရှင် ​ဦးဝီရသူနဲ့ ​အစ္စလမ် ​ငြိမ်းချမ်းရေးနှင့် ​ချစ်ကြည်ရေး ​သံတမန်ကွန်ယက်တို့ဟာ ​စက်တင်ဘာလ ​၁၀ ​ရက်နေ့မှာ ​သဘောတူ ​လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီတကြိမ် ​လက်မှတ်ထိုးတဲ့ ​တွေ့ဆုံပွဲဟာ ​တတိယအကြိမ် ​အဖြစ် ​တွေ့ဆုံ ​ဆွေးနွေးတာဖြစ်ပြီး ​နှစ်ဖက် ​ဘာသာရေး ​ခေါင်းဆောင်တွေက ​ပြည်သူတွေအနေနဲ့ ​အကြမ်းဖက်မှုတွေကို ​ဥပဒေမဲ့ ​တုန့်ပြန်တာတွေ ​မလုပ်အောင် ​ဟောပြော ​စည်းရုံးသွားဖို့ ​သဘောတူညီချက် ​ရရှိခဲ့တာ ​ဖြစ်ပါတယ်။

အဓိကရုဏ်းတွေရဲ့ ​ဇစ်မြစ်အလိုက်ရှာဖွေပြီး ​တားဆီးနိုင်ဖို့အတွက် ​အခုလို ​နှစ်ဘာသာ ​ငြိမ်းချမ်းရေးကို ​တည်ဆောက်တာ ​ဖြစ်တယ်လို့ ​၉၆၉ ​ဆရာတော် ​အရှင်ဝီရသူက ​အခုလိုမိန့်ပါတယ်။

“အဓိကရုဏ်းတွေရဲ့ ​အကြောင်းရင်းကို ​ရှာဖွေလိုက်တဲ့အခါမှာ ​အမျိုးသမီးများအပေါ် ​အကြမ်းဖက်တာရှိတယ်။ ​သံဃာများအပေါ် ​အကြမ်းဖက်တာရှိတယ်။ ​နောက် ​အုပ်စုဖွဲ့ပြီး ​အင်အားသုံးပြီးတော့ ​အနိုင်ကျင့်တာလည်း ​ရှိတယ်။ ​အဲဒီအပေါ်မှာ ​ဒေါသတစ်ကြီး ​ပြန်ပြီး ​တုန့်ပြန်လို့ ​အဓိကရုဏ်းဖြစ်တာတွေ ​ရှိတယ်။ ​အဲဒီတော့ ​အဲဒီလို ​အကြမ်းဖက်ရန်စမှုများလည်း ​မပေါ်ပေါက်အောင် ​ဦးဇင်းတို့ ​ခုလို ​ငြိမ်းချမ်းရေးကို ​တည်ဆောက်တာ”


အဓိကရုဏ်း ​တစ်ခုဖြစ်ပေါ်လာတာနဲ့ ​တစ်ဖက်နဲ့ ​တစ်ဖက် ​ချက်ခြင်း ​အသိပေးပြီး ​သက်ဆိုင်ရာ ​အာဏာပိုင်တွေ၊ ​ဘာသာရေး ​အဖွဲ့အစည်းတွေကို ​တင်ပြပြီး ​ဖြေရှင်းဖို့ ​စီစဉ်ထားတယ်လို့ ​အစ္စလမ် ​ငြိမ်းချမ်းရေးနှင့် ​ချစ်ကြည်ရေး ​ကွန်ယက်က ​တာဝန်ခံ ​ဦးရွှေကြည်က ​ပြောပါတယ်။

“ကျွန်တော်တို့က ​ဆရာတော်ဆီ ​ရောက်တဲ့ ​Cause ​ကိုယူမယ်။ ​ကျွန်တော်တို့ ​အစ္စလမ် ​အဖွဲ့အစည်းကို ​တင်ပြမယ်။ ​လူကြီးတွေ ​ရှင်းကြပါ။ ​နိုင်ငံတော် ​အာဏာပိုင်တွေကိုလည်း ​တင်ပြမယ်။ ​ဒီမှာတော့ ​ဒီလို ​သွေးပူနေပြီ။ ​ဒီလို ​အခြေအနေရှိနေပြီ။ ​ဆရာတော်တွေက ​ဒီလိုဒီလိုဖြစ်နေတယ်။ ​ကျွန်တော်တို့က ​ဒီလိုအကြောင်းရှိတယ်။ ​ကဲ ​အစ္စလမ် ​ဘာသာရေး ​ခေါင်းဆောင်တွေ ​ဒီမှာ ​အသိပေးတယ်။နိုင်ငံတော်ကို ​အသိပေးပါ။ ​ဆရာတော်ကို ​အသိပေးပါ။တွေ့ကြပါ ​ဆုံကြပါ။ ​ဒါကို ​ကျွန်တော်တို့က ​တံတား ​ထိုးဖို့ ​လုပ်နေတာပါ”

၂၀၁၂ ​ခုနှစ်ကစပြီး ​မြန်မာနိုင်ငံတွင်းက ​ဘာသာရေး ​လူမျိုးရေး ​အဓိကရုဏ်းတွေဟာ ​ရခိုင်ပြည်နယ်မှာ ​စတင်ဖြစ်ပွားခဲ့ပြီးတော့ ​အခြား ​ပြည်နယ်နဲ့ ​တိုင်းတွေကိုပါ ​ကူးစက်ပြန့်ပွားလာခဲ့တာဖြစ်ပါတယ်ဆိုတဲ့ ​အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: