Monday, September 9, 2013

ကချင် ဒုက္ခသည် များအား UN ကူညီ

အဲာပိုန်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) လိုင်ဇာ ဌာနချုပ်ရှိ ဒုက္ခသည် စခန်းများအား လာရောက် အကူအညီ ပေးခဲ့သည့် UN ကူညီရေး အဖွဲ့သည် ယနေ့ ခရီးစဉ် ပြီးဆုံးသည့် အတွက် နက်ဖြန် မြစ်ကြီးနားသို့ ပြန်တော့မည်ဟု လိုင်ဇာရှိ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ အတွင်းရေးမှူး ဖြစ်သူ ဇော်ရော်က ဆိုပါသည်။

“ UN ကယ်ဆယ်ရေး ကားတန်း ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ ညနေပိုင်း လောက်က ရောက်လာတာပါ။ ကားငယ် (၆) စီးနဲ့ ကုန်တင်ကား (၁၁) စီးနဲ့ ပေါ့လေ။ ၀န်ထမ်းက (၂၆) ယောက် ပါလာတယ်။ သူတို့ကတော့ စက်တင်ဘာလ (၈-၉) နှစ်ရက်တာ နေသွား တာပေါ့လေ” ဟု ဆိုပါသည်။

အကူအညီ များသည် လိုင်ဇာရှိ ၀ိုင်းကျိုင် စခန်း၊ အမှတ် (၃) ဈေးစခန်းနှင့် လိုင်ဇာမှ (၈)ကီလိုဝေးသော ဂျေယန်စခန်းနှင့် ပုံလွန်ယန် စခန်းများ အတွက် ဖြစ်ပြီး UN ၀န်ထမ်းများ ကိုယ်တိုင် ဝေငှပေးခဲ့ပါသည်။

သို့သော် အဆိုပါ ဒုက္ခသည်စခန်း (၄)ခုတွင် ဒုက္ခသည်ပေါင်း (၂၀၀၀၀) ခန့် ရှိသော်လည်း UN အကူအညီသည် လူ(၄) ထောင်စာအတွက် တလစာသာ အကူအညီ ပေးသွား ခဲ့ပါသည်။ အကူအညီများမှာ ဆန်ဆီဆားနှင့်ပဲ သာရရှိခဲ့ပါသည်။

ဤအကူအညီသည် လိုင်ဇာ ဒုက္ခသည်များအတွက် UN ၏ ဒုတိယ အကြိမ်မြောက် အကူအညီဖြစ်ပါသည်။ UN သည် လိုင်ဇာ ဒုက္ခသည်များအား ဆက်လက် အကူအညီပေးရန် ရှိကြောင်း အတွင်းရေးမှူး ဇော်ရော်က ဆိုပါသည်။

KIO ထိန်းချုပ် နယ်မြေထဲတွင် ကချင်စစ်ပြေး ဒုက္ခသည် (၇)သောင်းခန့်ကို လက်ခံ ကျွေးမွေး စောင့်ရှောက် ထားရပါသည်။ ရိက္ခာမလုံလောက်ခြင်း၊ ဆေးဝါးပြသနာ၊ စာသင်ကျောင်း အမိုးအကာနှင့် ဆောင်းရာသီ အနွေးထည်များလို အပ်နေသည်ဟု ဆိုပါသည်။

အထူးသဖြင့် ပြည်တွင်း အလှူရှင်များက အလှူ ရံပုံငွေ အဖြစ် တေးဂီတ သီဆိုပွဲများ ဆင်နွှဲပြီး ရသည့် အမြတ်အစွန်းဖြင့် ထောက်ပံ့ကြသော်လည်း မလုံလောက်သဖြင့် KIO ကသာ အဓိက ထောက်ပံ့ နေရပါသည်။

No comments: