Thursday, September 12, 2013

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် WGEC တို့၏ နည်းပညာထောက်ကူအဖွဲ့ချင်း ယနေ့ဆွေးနွေးမည်

သိင်္ဂီထွန်း

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (WGEC) တို့၏ နည်းပညာအထောက်အကူအဖွဲ့များသည် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရာ၌ ကျင့်သုံးမည့် မူဘောင်များချမှတ်ရေးအတွက် ယနေ့ဆွေးနွေးကြမည် ဖြစ်သည်။

ယခုဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် WGEC တို့ ယခင်တွေ့ဆုံပွဲများတွင်ဆွေးနွေးထားခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုများ အာမခံချက်ရှိရန်၊ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတို့ ယခင်က သဘောတူထားသော အချက်များကို လိုက်နာရန်နှင့် ဖက်ဒရယ်မူကိစ္စများကို အဓိက ဆွေးနွေးမည်ဟု ရှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းမိန်းက ပြောသည်။

“ကျွန်တော်တို့ Technical Team (နည်းပညာထောက်ကူအဖွဲ့) တွေရဲ့ အလုပ်ကတော့ ကျွန်တော်တို့ ၀ိုင်းဝန်းဆွေးနွေး ထားတဲ့ အချက်တွေပေါ်မှာ အချင်းချင်းအကောင်းဆုံး ညှိနှိုင်းနိုင်အောင် ဆွေးနွေးပေးတဲ့ သဘောပါ။ဆွေးနွေးပွဲက ရလဒ်ကိုလည်း ပြန်လာတဲ့အခါ အထက်အဖွဲ့အစည်းကို တင်ပြမှာပေါ့” ဟု ဦးစိုင်းမိန်းက ဆိုသည်။

WGEC အဖွဲ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများ ပါဝင်သော်လည်း ယခုတွေ့ဆုံမည်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုဗိုလ်မှူးကြီးစိုင်းငင်း တို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့သာ ပါဝင်မည်ဖြစ်သည်။

ယနေ့တွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေးဦးလှမောင်ရွှေကို ဆက်သွယ်မေးမြန်းရာ ယနေ့တွေ့ဆုံပွဲကျင်းပမည်ကို အတည်ပြုသော်လည်း မည်သည့်ကိစ္စများဆွေးနွေးမည်ကိုမူ အသေးစိတ်ထုတ်ဖော် မပြောခဲ့ပေ။

ဦးစိုင်းမိန်းကမူ ယနေ့ဆွေးနွေးပွဲတွင် “အချိန်ကာလ သတ်သတ်မှတ်မှတ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့၊ နိုင်ငံရေးဆွေးနွေးတဲ့ နေရာမှာလည်း ဘယ်သူတွေပါဝင်မယ်ဆိုတဲ့ မူဘောင်ကို တိတိကျကျသတ်မှတ်ဖို့” ဆွေးနွေးကြမည် ဟု ပြောသည်။ WGEC ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်အတွင်း ကျင်းပသည့် တိုင်းရင်းသားအဖွဲ့ ၁၈ ဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

WGEC တွင် ယခင်က UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) မှ ၁၁ ဖွဲ့ အပါအ၀င် UNFC မဟုတ် သော RCSS/SSA (ရခိုင်လွတ်မြောက်ရေးပါတီ) အပါအ၀င် လူထုအခြေပြုလူမှု အဖွဲ့အစည်းခြောက်ဖွဲ့ ပါဝင်သည်။ ၂၀၁၃ ဧပြီလတွင် ယင်းအဖွဲ့သည် နိုင်ငံရေးရေးဆွဲခဲ့သည့် မူကြမ်းအား ရေးဆွဲခဲ့ပြီး ထိုမူကြမ်းအား အစိုးရနှင့် ဆွေးနွေးရာတွင် ကော်မတီတစ်ခု ထပ်မံဖွဲ့ပြီး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည့် နောက်ပိုင်း ၂၀၁၃ ဇွန်လတွင် UNFC က WGEC မှ နုတ်ထွက်ခဲ့သည်။

No comments: