Saturday, February 22, 2014

ကျူးကျော်သူများကို ဦးဆောင်သူ ပါတီတစ်ခု၏ မြို့နယ်တာဝန်ခံ အမှုဖွင့်ခံရ

ဇော်ဇော်ထွေး

တွံတေးမြို့နယ်၊ ပန်းလှိုင်မြစ်ကမ်း မြေနုကျွန်းပေါ်သို့ လှိုင်သာယာမြို့နယ်မှ ကျူးကျော်များကို ဦးဆောင် ခေါ်ဆောင်သည့် ဒီမိုကရက်တစ်ပါတီမှ ကျော်ထက်နိုင်ဆိုသူကို တွံတေးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား(လ၀က)က အိမ်ထောင်စုစာရင်း အတုပြုလုပ်သည်ဟုဆိုကာ အမှုဖွင့်လိုက်ပြီဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး တိုင်တန်းခံထားရသူ ကိုကျော်ထက်နိုင်က အိမ်ထောင်စုစာရင်းအတု ပြုလုပ်ခြင်း မရှိခဲ့ဟု ပြန်လည်ငြင်းဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်က တွံတေး-လှိုင်သာယာကားလမ်းဘေး တွံတေးဘက်ခြမ်းရှိ ကျူးကျော်အဆောက် အအုံများကို ဖယ်ရှားစဉ် ကျူးကျော်အဆောက်အအုံများမှ အိမ်ထောင်စုစာရင်းဇယားပုံ စာရွက်သုံးရွက် ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တရားလိုဖြစ်သူ တွံတေး(လ၀က)ဘက်က ဆိုထားသည်။

ယင်းအိမ်ထောင်စုစာရင်းပေါ်တွင် ဒီမိုကရက်တစ်(မြန်မာ) လှိုင်သာယာမြို့နယ် တာဝန်ခံကျော်ထက်နိုင် အပါအ၀င် လေးဦးတို့က လက်မှတ်ရေးထိုး ထုတ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲစခန်း တွင် တရားလိုက တိုင်တန်းထားသည်။

ထို့ကြောင့် အိမ်ထောင်စုစာရင်းစာရွက်များအား လိမ်လည်အတုပြုလုပ်သူအဖြစ် ကျော်ထက်နိုင်၊ ရဲရင့် အောင်၊ မသက်သက်မာ၊ ဦးဝင်းတို့အပေါ် အရေးယူပေးရန် တွံတေးမြို့နယ် ဒုလ၀ကမှူး ဦးမိုးဇော်က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လ၀ကနဲ့ပတ်သက်တဲ့ အိမ်ထောင်စုစာရင်း အတု လုံးဝမပြုလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဦး ဆောင်လာတဲ့ မြေနုကျွန်းက ကျူးကျော်မိသားစုတွေကိုပဲ လူအရေအတွက်၊ မိသားစုအရေအတွက် သိရှိ ဖို့ စာရင်းလုပ်ပေးထားတာပဲ ရှိပါတယ်။ ဒီကိစ္စကို သတင်းစာရှင်းလင်းပွဲလည်း လုပ်ပြီး ပြောထားပြီးပါပြီ” ဟု တိုင်တန်းခံထားရသည့် ကိုကျော်ထက်နိုင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

လက်ရှိတွင်မူ လ၀က၏တိုင်ကြားမှုကို တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်းက (ပ)၂၈/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးစစ်ဆေးပြီး ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၄၂၀ /၄၆၈ဖြင့် အရေးယူ မည်ဟု ဆိုသည်။

No comments: