မင်းမင်း
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယမြောက် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန် ကြီးဌာနအတွက် ခန့်နိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာခင်စန်းရီကို အဆိုပြုခဲ့ရာ ဖေဖေါ်ဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် သဘောတူ လိုက်ပြီ ဖြစ်သည်။
ပညာရေးဝန်ကြီး ဖြစ်လာသည့် ဒေါက်တာခင်စန်းရီမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီး ဒေါ်မြတ်မြတ်အုန်းခင် ပြီးနောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ဖြစ်လာသူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်း အမျိုးသမီးဝန်ကြီးအဖြစ် အစိုးရအဖွဲ့တွင် တာဝန်ပေးခံရ ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက “ဒါကတော့ သမ္မတကြီးနဲ့ပဲ ဆိုင် ပါတယ်။ အစိုးရအဖွဲ့မှာ တာဝန်ပေးဖို့လိုအပ်တယ်ထင်လို့ တာဝန်ပေးတာ ဖြစ်မှာပေါ့။ စီမံ/ စီးပွား ဒု-၀န် ကြီးဆိုပေမယ့်လည်း စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာပဲ။ ပြန်ကြည့် လိုက်ရင် တောက်လျှောက် ပညာရေးလောကထဲမှာ သူကျင်လည်ခဲ့တာပါ” ဟု မဇ္ဈိမကို ပြောသည်။
ဒေါက်တာခင်စန်းရီအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယခု လ ၇ ရက်က စာပို့ထားခြင်းဖြစ်ပြီး ကန့်ကွက်လိုသည့် လွှတ်တော်အမတ်ရှိပါက စာရင်းပေးရန် နာယက ဖြစ်သူ သူရဦးရွှေမန်းက ကြေညာထားသော်လည်း ကန့်ကွက်သူမရှိသည့်အတွက် ယင်းသို့ အတည်ပြုနိုင် ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒေါ်ခင်စန်းရီသည် အသက် ၅၈ နှစ်ရှိ အိမ်ထောင်မရှိသူ ဖြစ်ပြီး ရှမ်း-ဗမာကပြားဖြစ်ကာ B.Com(A.A), M.Com, D.A.C, Ph.D(Germany) ဘွဲ့များရရှိထားသည်။
၁၉၇၈ မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် ဒေသကောလိပ် (၂)၊ စီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ လက် ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ခံ ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ကိုယ်ရေးရာဇ၀င်တွင် ဖော်ပြထားသည်။
No comments:
Post a Comment