Thursday, February 13, 2014

လွှတ်တော်သို့ပေးထားသည့် ကတိ ထက်ဝက်ခန့်သာ လုပ်ငန်းလျာထား၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝေဖန်ခံရ

စိုးသန်းလင်း၊ ဉဏ်လှိုင်လင်း

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုများကို လျှပ်စစ်စွမ်းအားဝန် ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော်လည်း ဘတ်ဂျက် တင်ပြရာ၌မူ ထက်ဝက်ခန့်ကိုသာ ထည့်သွင်းထားသဖြင့် အစိုးရပေးထားသည့် ကတိတည်ရန်လိုသည် ဟုသန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ဦးက ဖေဖော်ဝါရီ ၁၀ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဝေဖန်လိုက်သည်။

“ကျွန်တော်ပြောချင်တဲ့ သဘောက ကတိပေါ်မှာ ကတိတွေဆင့်ပြီးတော့ ကတိကြွေးတွေ ပါကုန်မှာ စိုးပါတယ်။ ဘဏ္ဍာနှစ်အလိုက် ပေးထားတဲ့ကတိကို ဘဏ္ဍာနှစ်အလိုက်မှာပင် ထည့်သွင်းဆောင်ရွက်စေလိုပါ တယ်” ဟု ၎င်းက လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ နိုင်ငံပိုင်လုပ်ငန်း စီမံကိန်း လျာထားချက်များ ဆွေးနွေးစဉ် ပြောသည်။

လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင် စုလွှတ်တော်သို့ လာမည့်ဘဏ္ဍာနှစ် လုပ်ငန်းလျာထားချက်များ ရှင်းလင်းပြောဆိုခဲ့မှုများအပေါ် ဦးလွင်ဦးက ရည်ညွှန်းပြောဆို လိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက် ၀န်ကြီးဦးခင်မောင်စိုး ရှင်းလင်းစဉ်၌ လျှော့ချရာတွင် ပါဝင်သွားသည့် ကတိပေးထားသည့် စီမံကိန်းများကို နိုင်ငံခြားချေးငွေရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမည် ဆိုပါက ယခုနှစ်ကုန်တွင် လွှတ်တော်သို့ တင်ပြရန်ရှိသည့် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ သွားမည်ဟု ပြောသည်။

ဦးလွင်ဦးကမူ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူများအား အစိုးရက ပေးထားသည့် ကတိ တည်ရန် လိုအပ်သည်ဟု ဝေဖန်ခြင်းလည်းဖြစ်သည်။ “ဘတ်ဂျက်လျာထားတဲ့ဆီမှာ သိန်းနဲ့သောင်းနဲ့
လျာထားဖို့ ပြောနေတာ မဟုတ်ပါဘူး။နောက်ဆုံး ဘတ်ဂျက်လျာထားတဲ့ဆီမှာ တစ်ကျပ်နဲ့ ဖြစ်ဖြစ် စပေးပါ” ဟု ၎င်းက တိုက်တွန်းဆွေးနွေးခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြီးခဲ့သည့်နှစ်အတွင်း ကတိပြုထားသည့် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများ မပါဝင်ဟုလည်း ဦးလွင်
ဦးက ပြောသည်။

ပြီးခဲ့သည့် အစည်းအဝေးကာလ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီးတစ်ဦး၏ လက်မှတ်ဖြင့် ကတိပေးဖြေဆိုထားမှုကို ထောက်ပြ၍ ၎င်းက ဝေဖန်ခြင်းဖြစ်သည်။

အဆိုပါစာတွင် သန်လျင်မြို့နယ်ရှိ ကျေးရွာ၂၂ ရွာ၊ သုံးခွမြို့နယ်ရှိ ကျေးရွာ ၆၆ ရွာ၊ ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ ခုနစ်ရွာတို့မီးလင်းရေးကို လာမည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားမည်ဟု ဆိုခဲ့သော် လည်း လွှတ်တော်သို့ တင်သွင်းသည့် ဘတ်ဂျက်တွင်မူ ယင်းတို့မပါဝင်ခဲ့ဟု ဦးလွင်ဦးကပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဖေဖော်ဝါရီ ၅ ရက် လွှတ်တော်သို့ တင်ပြစဉ်ကမူ “စီမံကိန်းတွေ လျာ ထားရာမှာနိုင်ငံခြားချေးငွေ၊ ပြည်ပထောက်ပံ့ငွေများအသုံးပြုမယ့် စီမံကိန်းတွေကို ဦးစားပေး ထည့်သွင်း ခဲ့ရပြီး နိုင်ငံပိုင်ငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေထဲက တချို့ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ လျာထားခဲ့ ရပါတယ်” ဟု ရှင်းပြခဲ့သည်။

“မွန်ပြည်နယ် အမှတ်(၇) ကိုယ်စားလှယ်ဦးဗညားအောင်မိုးကလည်း နေပြည်တော်တွင်သုံးစွဲရန် လျာ ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လုပ်ငန်းစီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးသို့ ပြောင်း လဲသုံးစွဲရန် အကြံပြုခဲ့သည်။ ထို့ပြင် လာမည့် ဘဏ္ဍာနှစ်အတွက်တင်ပြသည့် ပြည်ထောင်စုဘတ်ဂျက် စုစုပေါင်းတွင် ယမန်နှစ်ကထက် လေးရာခိုင်နှုန်းခန့် လျော့နည်းလျာထားသည်ကို တွေ့ရသည်ဟု နှိုင်း ယှဉ်ပြခဲ့သေးသည်။

ဝန်ကြီးဌာန ရှင်းလင်းတင်ပြစဉ်ကမူ နိုင်ငံခြားချေးငွေ ကျပ် ၂၃၂ ဒသမ ၆၆၉ ဘီလီယံ၊ ပြည်ပမှထောက်ပံ့ ငွေ ကျပ်၂၅ ဒသမ ၀၆၇ ဘီလီယံ၊ နိုင်ငံပိုင်ငွေ ကျပ် ၂၆၈ ဒသမ ၉၉၇ ဘီလီယံသုံးစွဲရန်အစိုးရအဖွဲ့ က ခွင့်ပြုထားသည်ဟု ဦးခင်မောင်စိုးက ပြောသည်။ ယင်းကြောင့် နိုင်ငံပိုင်ငွေဖြင့် လွှတ်တော်သို့ ကတိပေး ထားသည့် စီမံကိန်း ၂၄ ခု အပါအ၀င် စီမံကိန်းပေါင်း ၃၉ ခု၊ လုပ်ငန်းပေါင်း ၁၄၀တို့ ဆောင်ရွက်ရန် စီစဉ် ထားသည်ဟု ဆိုခဲ့သည်။

No comments: