နိရဉ္စရာ
စစ်တွေတက္ကသိုလ်တာဝန်ရှိသူများကို ပြည်ထောင်စု စိတ်ဓါတ်မွေးမြူရန် လိုကြောင်း ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ပညာသည်များအသင်းမှ တောင်းဆိုလိုက်သည်။
၎င်းတောင်းဆိုမူကို ယနေ့ စစ်တွေမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ယင်းအဖွဲ့မှ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ စစ်တွေ တက္ကသိုလ် (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဓါတ်ပုံရိုက်ကူးခွင့် တင်ဒါ ပေးရေး အဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲသလို ဆန္ဒပြတဲ့ နေရာမှာ စစ်တွေတက္ကသိုလ် တင်ဒါအဖွဲ့ ပြည်ထောင်စု စိတ်ဓါတ်မွေးမြူပါဆိုပြီး တောင်းဆိုခဲ့ကြပါတယ်” ဟု ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာသည်များအသင်းမှ ဘဏ္ဍာရေးမှူး ဦးမောင်ခင်ဝင်းက နိရဉ္စရာကို ပြောသည်။
ယင်းပြင် ခွင့်ပြုချက်ယူပြီး ဆန္ဒပြသူ ၂၀၀ ခန့်သည် စစ်တွေက ဓါတ်ပုံ နှင့် ဗီဒီယိုသမားတွေ အထင်သေးခြင်း အလိုမရှိ၊ ဒေသခံများ ဆင်းရဲမွဲတည်မူ လျှော့ချရေး တို့အရေး၊ တို့အရေးဟု ကြွေးကြော်ခဲ့ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ ပြည်ထောင်စု စိတ်ဓါတ်မွေးမြူရန် တောင်းဆိုရခြင်းမှာ ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာရှင်များ အသင်းကို အထင်သေးပြီး ခွဲခြားဆက်ဆံ၍ ဖြစ်သည်ဟု ဆိုသည်။
“ သူတို့ကိုဘာကြောင့် ကန့်ကွက်ရသလဲဆိုရင် ကျွန်တော်တို့ ဒေသခံ အဖွဲ့က ကျပ် (၁၀၅) သိန်း ပေးတယ်။ ဒါပေမယ့်ကျွန်တော်တို့ကို တင်ဒါမပေးဘဲ တခြားဒေသကလာတဲ့ သင်္ဂင်္ီရွှေရည်ကို ကျပ်သိန်း (၉၀) နဲ့ တင်ဒါ ပေးလိုက်တယ်။ ဒီအပေါ်မှာ ဒေသခံတွေကို လုံးဝ ပစ်ပယ်လိုက်တယ်လို့ ခံစားသွားရတဲ့ အတွက် ခုလို ကန့်ကွက် ဆန္ဒပြရတဲ့ အထိ ဖြစ်သွားရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဆန္ဒပြသူများသည် ပိုစတာများ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ သူတို့အသင်းရုံးမှ နေ့လယ် ၁ နာရီခန့်တွင် ယခင် စစ်တွေတက္ကသိုလ်ကျောင်းဟောင်း တည်ရှိရာသို့ ချီတက်ကာ သူတို့ မကျေနပ်ချက်ကို ဖေါ်ထုတ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
တင်ဒါ ခေါ်ယူရာတွင် ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာရှင်များအသင်းကို ဇန်န၀ါရီလ ၃၀ရက်နေ့က စစ်တွေ တက္ကသိုလ်တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် မေးခွန်း အများအပြားကို ဖြေဆိုခဲ့ရကြောင်း၊ သို့သော်လည်း ဇန်န၀ါရီလ ၃၁ရက်နေ့ ၃နာရီတွင် တင်ဒါ အောင်မြင်သူကို ကြော်ငြာသင်ပုန်းတွင် စာကပ်၍ ကျေညာရာ သိန်း ၉၀ ပေးသူ ရန်ကုန်မှ သင်္ဂီရွှေရည် ရရှိသွားသည်ကို တွေ့ရကြောင်း၊ ယင်းနောက်ပိုင်း ပါမောက္ခချုပ်နှင့် တွေ့ဆုံခဲ့ရာ အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ခဲ့သည်ဟု ဦးခင်မောင်ဝင်းက ဆိုသည်။
စစ်တွေ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးတင်မောင်ထွန်းသို့ မေးမြန်းရာ ဆရာကြီးက ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့က တင်ဒါကို အဖွဲ့အစည်းနဲ့ လုပ်တာပါ။ တင်ဒါရွှေးချယ်ရေး အဖွဲ့က ဆုံးဖြတ်တဲ့ အတိုင်းဘဲ လုပ်ရတာပါ။ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ သူတို့ကဘာကို ပြောချင်တာလဲ။ သူတို့မရတဲ့ အတွက် ပြည်ထောင်စု စိတ်ဓါတ်လို့ ပြောလိုတာလား။ ကျွန်တော်တို့ စစ်တွေ တက္ကသိုလ်ဆိုတာ လူမျိုးပေါင်းစုံ နေတဲ့နေရာဘဲ။ မဟုတ်ဘူးလား။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းလည်း လုပ်လို့ရတာ မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့။ တခြားက ပါမောက္ခတွေ၊ ဒေသခံတွေ၊ ဆရာ ဆရာမတွေ အကုန်လုံး စုပေါင်း လုပ်ကြတာပါဘဲ။ ကျွန်တော်တို့ တင်ဒါ စည်းမျဉ်းနဲ့ မညီရင် ပေးလို့ မရဘူး။ ဘွဲ့နှင်းသဘင် ဓါတ်ပုံ ဆိုတော့လည်း အရေးကြီးတဲ့ အတွက် တင်ဒါ စည်းကမ်းနဲ့ မညီရင် ပေးလို့မရပါဘူး” ဟု ဆရာကြီးက ပြောဆိုသည်။

No comments:
Post a Comment