Saturday, February 15, 2014

တောင်ငူမြို့မဈေးကြီး မီးလောင်၊ ကျပ်သိန်း ၄၀၀၀ ဖိုးခန့် ဆုံးရှုံး

ကျော်ဇေယျာဝင်း

တောင်ငူမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၆း၂၀ လောက်မှာ မြို့မဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ဆိုင်ခန်းပေါင်း ၁ ထောင်ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဈေးအတွင်း ရုံပေါင်း ၃၈ ရုံ ရှိတဲ့အနက် ၁၈ ရုံက ဆိုင်ခန်းပေါင်း ၁၂၀၀ ၀န်းကျင်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောဆိုကြပါတယ်။

ဒီမီးလောင်မှုကို မီးသတ်ကား ၃၀ ကျော် ရေသယ်ယာဉ် ၁၂ စီးလောက် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပေမယ့် ည ၁၀ နာရီကျော်လောက်မှသာ မီးညွှန့်ကျိုးသွားပြီး သန်းခေါင်ကျော်အချိန်ထိ မီးကြွင်းမီးကျန်တွေ ငြိမ်းသတ်နေရတယ်လို့ ဆိုင်ခန်း မီးလောင်ခံခဲ့ရသူ ဦးတင်မောင်လှက ပြောပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဆိုင်ခန်းတန်ဖိုး ကျပ်သိန်း ၃၉၈၀ နဲ့ ပစ္စည်းတန်ဖိုး သိန်း ၁၂၀၀၀ လောက် ပျက်ဆီးဆုံးရှုံးမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အဲဒီ မီးလောင်မှုမှာ ဈေးအတွင်းက မင်္ဂလာရုံ ၂ တောင်ဘက်ခြမ်းက စတင်လောင်ကျွမ်းတာလို့ ဈေးခေါင်း ဦးနိုင်ဝင်းက ပြောပါတယ်။

ဒီမီးလောင်ကျွမ်းပျက်စီးခဲ့ရတဲ့ ဆိုင်ခန်းတွေနဲ့ ပတ်သက်လို့ ပြန်လည် နေရာချထားပေးခြင်း မရှိဘဲ အစိုးရက သိမ်းဆည်းသွားမှာကိုလည်း ဈေးသူဈေးသားတွေက စိုးရိမ်နေကြတယ်လို့ ဦးတင်မောင်လှက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် မနက်ပိုင်းမှာတော့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ သက်ဆိုင်ရာ ၀န်ကြီးတွေ ရောက်ရှိလာပြီး မီးလောင်ပြင် ရှင်းလင်းရေးနဲ့ ယာယီဈေး နေရာချထားရေးတွေကို တိုင်ပင်ညှိနှိုင်းခဲ့ကြတယ်လို့ လယ်ယာစိုက်ပျိုးနဲ့ မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားပါတယ်။

လောလောဆယ်တော့ မီးလောင်သွားတဲ့ ဆိုင်ခန်းတွေကို ၁၉ ရပ်ကွက်မှာရှိတဲ့ အထက ၁ ဘောလုံးကွင်းနဲ့ ၂ ရပ်ကွက်မှာရှိတဲ့ အထက ၂ ဘောလုံးကွင်းတွေမှာ ယာယီဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်လို့ တောင်ငူမြို့အမှတ် ၂ ရဲစခန်းက ဈေးလုံခြုံရေးမှူး ဦးတင်ထွန်းအောင်၊ ဈေးမီးကော်မတီအဖွဲ့ခေါင်းဆောင် ဦးတင်အေးနဲ့ ဈေးအတွင်း မီးပြင်သူ ဦးထွန်းထွန်းတို့ ၃ ဦးကို (ပ) ၄၂/၂၀၁၄ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

No comments: