Thursday, February 6, 2014

ဆေးဘက်နည်းပညာ ကျောင်းသူသေဆုံးမှု ပြန်လည်ဖော်ထုတ်ရန် ၈၈ နှင့် ကျောင်းသားအဖွဲ့များ တောင်းဆို

ဇော်ဇော်ထွေး

၂၀၁၃ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့သည့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ နော်မေသူသူဇော် ရေနစ်သေဆုံးမှုကို ပြန်လည်စစ်ဆေး၍ အမှုမှန်အား ပြည်သူနှင့် ကျောင်းသားထု တစ်ရပ်လုံးရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် ချပြပေးရန် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကျောင်းသား သမဂ္ဂများက ဖေဖော်ဝါရီ ၄ ရက်တွင် တောင်းဆိုလိုက်သည်။

အဆိုပါ ကျောင်းသူသေဆုံးခဲ့မှုတွင် တရားရုံးက သာမန်ရေနစ်သေဆုံးမှုဖြင့် စီရင်ချက်ချခဲ့သော်လည်း သံသယဖြစ်စရာ အချက်အလက်များ၊ လွဲမှားနေသော အချက်အလက်များ အများအပြားရှိနေသည့် အတွက် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်၍ မိသားစုနှင့်အတူ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“ဒီအမှုမှာ မြို့နယ်အဆင့်နဲ့ ခရိုင်အဆင့်က ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုမရှိဘူးလို့ ကာယကံရှင် မိသားစုက ခံယူထားသလို ကျွန်တော်တို့ ၈၈ ကလည်း ခံယူတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ပွင့် လင်းလူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောသည်။

အဆိုပါ ကျောင်းသူ နော်မေသူသူဇော် ရေထဲခုန်ချ၍ သေဆုံးသည်ဟုဆိုသော ဖြစ်စဉ်တွင် တရားရုံးဆုံး ဖြတ်ချက်နှင့် ရဲစခန်းအမှုတည်ဆောက်မှုများ၌ အားနည်းချက်များစွာရှိနေကြောင်းနှင့် တရားခွင်တွင် တကယ့်အဖြစ်အမှန်များအား မိသားစုဘက်မှ တင်ပြသော်လည်း လျစ်လျူရှု၍ သာမန်သေမှုသေခင်း အဖြစ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူဘယ်လိုသေသွားတယ်၊ ဘယ်သူ့လက်ချက်နဲ့ သေသွားရလဲဆိုတာကို သိရှိချင်ပါတယ်။ တရားရုံးစစ် ဆေးချက်တွေမှာ သက်သေထွက်ချက်တွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနေတယ်။ မသင်္ကာ စရာတွေ ရှိတယ်။ အဆက်အစပ်မရှိတာတွေရှိတယ်” ဟု မနော်မေသူသူဇော်၏ မိခင်ဖြစ်သူ ဒေါ်နော်မေ စေးက ပြောသည်။

အမှုတွင် ၂၀၁၃ခုနှစ် ဧပြီလ ၁၉ ရက်က မရမ်းကုန်းမြို့နယ်ရှိ ညီအစ်မ၀မ်းကွဲတော်စပ်သူ နေအိမ်တွင် ရောက်ရှိနေသည့် နော်မေသူသူဇော်ကို ချစ်သူဖြစ်သူ ရဲမင်းဦးဆိုသူက နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်တွင် ကားဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“ည ၇ နာရီခွဲကျော်တော့ သမီးသူငယ်ချင်း ရဲမင်းဦးဆိုသူက သမီးကို (စော်ဘွားကြီးကုန်းက) ကားတင် ပေးလိုက်တယ်။ လာကြိုပါဆိုပြီး ဖုန်းဆက်လို့ သွားကြိုတာ။ ည ၁ နာရီကျော်ထိ ရောက်မလာဘူး။ ဒါ ပေမယ့် အဲဒီည ၈ နာရီလောက်မှာပဲ သမီးရဲ့လွယ်အိတ်နဲ့ဖိနပ်တွေကို အောင်ဇေယျကြိုးတံတားပေါ် ကနေ တွေ့တယ်လို့ လှိုင်သာယာရဲစခန်းက သိရတယ်”ဟု ဒေါ်နော်မေစေးက အမှု၏ ကွဲလွဲချက်တစ်ခုကို ထောက်ပြခဲ့သည်။

ထို့နောက် သမီးဖြစ်သူ ပျောက်ဆုံးမှုကြောင့် အင်းစိန်ရွာမရှိ ရဲမင်းဦး၏နေအိမ်သို့ သွားရောက်စုံးစမ်းခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲ စခန်းတွင် လူပျောက်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ အလောင်းကို ဧပြီ ၂၀ ရက် နံနက်တွင် အင်းစိန်လှိုင်မြစ်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် သော်လည်း မိသားစုအနေဖြင့် ငါးရက်ကြာမှသိရှိရပြီး သွားရောက်ကြည့်ရှုခဲ့ရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

ထို့နောက် တရားရုံးက သာမန်သေမှုသေခင်းအနေဖြင့်သာ စီရင်ချက်ချခဲ့ပြီး ယင်းအမှုမှန်ကို ပြန်လည် ဖော်ထုတ်ပေးရန် ခရိုင်တရားရုံးအထိ ဆက်လက်တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

“ဒီအမှုမှာ သက်သေတွေ ရဲတွေရဲ့ တရားရုံးထွက်ဆိုချက်တွေကို ဖတ်ခဲ့ရတော့ သူတို့ရဲ့ ထွက်ဆိုချက်ထဲ မှာတောင် ကွဲလွဲမှုတွေ ရှိနေပါတယ်။ သူတို့ကိုယ်တိုင် ဓမ္မတာတိုင်း ရေနစ်သေတာလား၊ တစ်စုံတစ် ယောက်ရဲ့ ပယောဂကြောင့် သေဆုံးတာလားဆိုပြီး ကွဲလွဲပြီး ဖြေထားတာလေးတွေရှိနေတယ်။ ဒါကြောင့် ဒီအချက်တွေကို ဆွဲထုတ်တယ်၊ ခိုင်မာအောင်တည်ဆောက်ပြီး အဆင့်မြင့်တရားရုံးကိုတက်ပြီး အမှုမှန် ပြန်လည်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု အဆိုပါအမှုကို ကူညီဆောင်ရွက်ပေးမည့် ၈၈ ပွင့်လင်း အဖွဲ့အစည်းမှ ဥပဒေရေးရာကဏ္ဍမှ ကိုလင်းလင်းက ပြောသည်။

အဆိုပါဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ နော်မေသူသူဇော် သေဆုံးမှုကို အဖြစ်မှန် ပြန်လည်ဖော်ထုတ်ပေးရန် နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂက တောင်းဆိုထား သည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့်လည်း အဆိုပါအမှုကို ပြန်လည်ပြင်ဆင်ပြီးတိုင်း အဆင့်ထိ ပြန်လည်တင်ပြကာ အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments: