ကေဇူး
နယ်စပ်အခြေစိုက် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)သည် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရေး အတွက် ရခိုင်-ဘင်္ဂလီ လူမျိုးရေး ပြဿနာသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသည်ဟု ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ဖေဖော်ဝါရီ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
မြန်မာ-ထိုင်းနယ်စပ်အခြေစိုက် တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီသည် လက်ရှိတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်းအတွက် လက်မှတ်ထိုးနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရေးတွင် ခက်ခဲလျှက်ရှိနေသည်။
“အစိုးရဘက်ကပြောတာက လူမျိုးကိစ္စတွေဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ ပြန်အခြေစိုက်ဖို့ ခွင့်ပြုမယ့် ကိစ္စမှာ ခက်ခဲနေတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ ရပ်တည်မှုဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ မဆိုင်ဘူး တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြစ်တယ်ဆိုတာ ပြန်တင်ပြပါတယ်”ဟု ဦးထွန်းဇော်ကဆိုသည်။
ရခိုင်ပြည်အမျိုးသားကောင်စီသည် မြန်မာနိုင်ငံသို့ ပထမအကြိမ်လေ့လာရေး လာရောက်သော ခရီးစဉ်လည်းဖြစ်သည်။
“အစိုးရက တိုင်းရင်းသားအားလုံး စုစုစည်းစည်းးနဲ့ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ဖိတ်ခေါ်တယ်။ သူတို့ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာလေ့လာတယ်၊ ဒီလောက်ပါပဲ ကျန်တာကတော့ တစ်ဆင့်ခြင်းသွားရမယ့်ကိစ္စပါ”ဟု ANC နှင့်ဆွေးနွေးမှု အခြေအနေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်အမျိုးသားကောင်စီသည် ၂ဝဝ၄ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အစည်းအရုံး(AASYC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD(ပြည်ပ)၊ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ရဟန်းသမဂ္ဂ(RSU)၊ ရခိုင်ပြည်တပ်မတော် (AA)တို့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့ဖြစ်သည်။
ANC တွင် ပါဝင်သောအဖွဲ့ဝင်အချို့သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်လျှက် ရှိသည်။
No comments:
Post a Comment