Wednesday, February 12, 2014

ကင်တားနားက မြန်မာပြည်ကို တာဝန်အရ နောက်ဆုံးအကြိမ် သွားရောက်မယ်

ABC

ကုလသမဂ္ဂရဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​သောမတ်စ် ​အိုဟေး ​ကင်တားနား ​(Tomas ​Ojea ​Quintana) ​ဟာ ​မြန်မာနိုင်ငံကို ​တာဝန်အရ ​နောက်ဆုံးအကြိမ်အဖြစ် ​လာရောက်ဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဖေဖော်ဝါရီလ ​၁၄ ​ရက်ကနေ ​၁၉ ​ရက်အထိ ​ကြာမယ့် ​မြန်မာခရီးစဉ်အတွင်း ​ရခိုင်ပြည်နယ်၊ ​ကချင်ပြည်နယ်၊ ​မုံရွာခရိုင်က ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းဒေသနဲ့ ​သီလဝါ ​ရေနက်ဆိပ်ကမ်း ​ရှိရာကို ​သွားရောက် ​လည်ပတ်မှာဖြစ်ပြီး ​ကရင်ပြည်နယ်ကိုလည်း ​လည်ပတ်ခွင့်ရဖို့ ​တောင်းခံထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ​လူ့အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​အစိုးရအနေနဲ့ ​ဘာတွေ ​လုပ်ဆောင်နေသလဲ ​ဆိုတာကို ​လေ့လာမှာဖြစ်ပြီး ​မောင်တောမြို့နယ်ကိုလည်း ​သွားရောက်လေ့လာမှာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်ခရီးစဉ်အတွင်း ​အစိုးရအရာရှိတွေ၊ ​ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ​ရခိုင် ​ဗုဒ္ဓဘာသာဝင်တွေကိုလည်း ​တွေ့ဆုံမယ်လို့ ​ကုလသမဂ္ဂ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ကြေးနီစီမံကိန်းနဲ့ ​သီလဝါဆိပ်ကမ်း ​ခရီးစဉ်မှာတော့ ​ဒီလို ​စီးပွားရေးဖွံ့ဖြိုးမှု ​လုပ်ငန်းတွေကြောင့် ​လူတွေ ​လယ်မြေသိမ်းခံရမှုတွေအပေါ် ​ကိုင်တွယ်မှုတွေကို ​လေ့လာမှာဖြစ်ပြီး ​ဒီလို ​စီမံကိန်းတွေလုပ်တိုင်း ​ဒေသခံတွေရဲ့ ​အခွင့်အရေး၊ ​ပညာရေး၊ ​နေထိုင်ရေး ​တွေကို ​စဉ်းစားပေးဖို့လိုကြောင်း ​ပြောပါတယ်။

ကချင်ပြည်နယ် ​ခရီးစဉ်မှာတော့ ​အပစ်အခတ်ရပ်စဲရေးနဲ့ ​သက်ဆိုင်တဲ့ ​ကိစ္စကို ​လေ့လာမှာဖြစ်ပြီး ​ပစ်ခတ်မှုတွေကို ​ရပ်စဲဖို့ ​တိုက်တွန်းမှုတွေ ​လုပ်ဖို့ရှိပါတယ်။

နေပြည်တော်မှာတော့ ​အစိုးရအရာရှိတွေ၊ ​လွှတ်တော်အမတ်တွေနဲ့ ​ဥပဒေပိုင်းဆိုင်ရာ ​ပုဂ္ဂိုလ်တွေနဲ့ ​တွေ့ဆုံဖို့ရှိတယ်လို့ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ ​မထွက်ခွာမှီ ​ဖေဖော်ဝါရီလ ​၁၉ ​ရက်နေ့မှာတော့ ​ရန်ကုန်လေဆိပ်မှာ ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်မှာဖြစ်ပြီး ​ဒီခရီးစဉ်နဲ့ ​ပတ်သက်တဲ့ ​အစီရင်ခံစာကို ​မတ်လ ​၁၇ ​ရက်နေ့ကျရင် ​လူ့အခွင့်အရေးကောင်စီကို ​တင်ပြမယ်လို့လည်း ​ကုလသမဂ္ဂသတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: