Friday, February 7, 2014

အမျိုးသမီးအား အဓ္ဓမပြုကျင့်ရန်ကြံစည်သော အမှတ်-၁၄ တန်းမြင့်စစ်သင်တန်းမှ စစ်သားလွတ်မြောက်နေ

ခူးဘိုလော်

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်စစ်သင်တန်းကျောင်းမှ တပ်သားတဦးသည် ရွာပြင်တွင် သားသမီးနှစ်ဦးနှင့်အတူ ဟင်းစာရှာနေသော လော်ကေးခူရွာမှ ဒေသခံ အမျိုးသမီးအား အတင်းအဓ္ဓမပြုကျင့်ရန် ကြံစည်မှု ယခုအပါတ် တနင်္ဂနွေနေ့ညနေကဖြစ်ပွားခဲ့သည်။

ဖရူဆိုမြို့နယ် လာခရော်ရှေ့အုပ်တွင်တည်ဆောက်ထားသော အမှတ်-၁၄ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတက်နေသော တပ်သား ၀င်းနိုင်ခေါ်တင်ထိုက်သည် သင်တန်းအားလပ်ရပ်တွင် မိမိတပ်ရင်းရှိရာ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ သို့အပြန် ရွာပြင်တွင် ဟင်းစာရှာနေသော လော်ကေးခူရွာသစ်မှ အသက် ၂၅နှစ်အရွယ် မော်လှခေးမိုးကို ဇွန်န၀ါရီလ ၂၆ရက်နေ့ ညနေ ၄နာရီက ယခုလို ကြံစည်ခြင်းဖြစ်သည်ဟုဆိုသည်။

"ကျမက ကလေးနှစ်ယောက်နဲ့အတူ ရွာပြင်မှာ နွားချေးပိုး တူးနေတယ် နောက်ကိုလှည့်မကြည့်မိလို့ မတွေ့ဘူး ကျော်မှာပိုးထားတဲ့သမီးလေးက ငိုလို့နောက်လှည့်ကြည့်တော့ ဘောင်ဘီချွတ်ထားပြီး ကျမဆီကိုတည့်တည့်လာနေတဲ့ လူတယောက်ကိုတွေ့လို့ ကလေးကို ခေါ်ပြီးသွားလိုက်တယ် သူလည်းနောက်ကနေ ဆက်လိုက်လာပြီး ကျမကို အမျိုးမျိုးလုပ်ပြကာ သွေးဆောင်ဖြားယောင်တယ် ကျမလည်းကြောက်ကြောက်နဲ့ ဘာလုပ်ဘာကိုင်ရမှန်းမသိလို့ အော်လိုက်တယ် အဲ့ဒီမှာ ထော်လဂျီ (လယ်ထွန်စက်)သမားနှစ်ယောက်ကိုတွေ့လို့ သူ့(၀င်းနိုင်)ကိုလိုက်ကြတယ် နောက်ပြီးရွာကလူငယ်တွေလည်း ထပ်လာကြတော့ ၀ိုင်းဖမ်းလိုက်တာပါပဲ" ဟု မော်လှခေးမိုးကအခင်းဖြစ်ပွားခြင်းကိုရှင်းပြသည်။

ရွာသားများဖမ်းဆည်းခဲ့သည့်အဆိုပါ တပ်သားကို သက်ဆိုင်ရာသို့သွားရောက်အကြောင်းကြားပြီးနောက် ည ၇ နာရီကျော်တွင် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း တာဝန်ခံ ဗိုလ်ကြီးအောင်ဇော်ထွန်းမှ လာရောက်ခေါ်ဆောင်သွားကာ ရိုးရာဓလေ့ထုံတမ်းအစဉ်အလာများနှင့် အမျိုးသမီးအတွက် နစ်နာကြေးကျပ်ငွေ သုံးသိန်း ပေးဆောင်မည်ဖြစ်သဖြင့် သတင်းမီဒီယာများထံမပေါက်ကြားစေရန်သတိပေးခဲ့သည်ဟုဆိုသည်။

"ကျနော်တို့ မနေ့ကပြဿနာကို မီဒီယာ သတင်းတွေနဲ့ မတွေ့ပေးပဲနဲ့ ကျနော်တို့ လျော်ကြေးပေးပါမယ် လျော်ကြေး ဘယ်လောက်တောင်းမလဲပေါ့ ထုံးစံ(ဓလေ့ထုံးတမ်းစဉ်လားအရ)အတိုင်းလုပ်ဖို့က သုံးသိန်းတောင်းတယ် ပေးမယ်လို့တော့ ပြောတယ် ပေးတော့မပေးသေးဘူး" ဟု ရပ်မိရပ်ဖ ခူး ဖရေရယ်ကပြောသည်။

၂၇ရက်နေ့ မနက်တွင် စစ်လေ့ကျင့်ရေးကျောင်းမှ အရာရှိနှင့် အပေါင်းပါ လေးဦးတို့ လော်ကေးခူသို့သွားရောက်၍ ယမန်နေ့က ပြောထားသည့်လျော်ကြေးကို မပေးနိုင်သေး၍ ရွာသားများမှ သိမ်းဆည်းထားသည့် တရားခံစီး ဆိုင်ကယ်အား မပျောက်အောင်သိမ်းထားပေးရန်ပြောသည်။

ဗိုလ်ကြီးအောင်ဇော်ထွန်းခေါ်ဆောင်သွားသည့် တပ်သားဝင်းနိုင်မှာမူ အမှတ် ၁၄သင်တန်းကွင်းမှ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် ဆိုင်ကယ်ပြန်လာခိုးနိုင်သည်ဟုဆိုသည်။

ပြန်လည်ခေါင်ဆောင်ခဲ့သောတရာခံမှာလည်းလွတ်သွားကြောင်းနှင့် ဆိုင်ကယ် ပြန်လာခိုးနိုင်သည်ဟု သတိပေးခဲ့ပါသည်။

အမှတ် (၂) အထူး စစ်ဆင်ရေးမှူး ဒု- ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်မှ ဖရူဆိုမြို့နယ်ရှိ အမှတ်-၁၄တန်းမြင့်စစ်သင်တန်းကျောင်းအခြေအနေအား လာရောက်စစ်ဆေးပြီး တပါတ်ကျော်အကြာမှာပင်ယခုလိုဖြစ်ပွားခဲ့သည်။

လွတ်မြောက်နေသူတရားခံ
အမည် - ၀င်းနိုင် ခေါ် တင်ထိုက်
အသက် - ……..နှစ်
ကိုယ်ပိုင်အမှတ် - အမတ-၄၉၅၇၁၇

No comments: