နန်းမြင့်
မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြောက်ဥက္ကလာမြို့နယ်နှင့် မရမ်းကုန်မြို့နယ်သို့ ဆက်သွယ်သော ပေ ၂ဝ အမြင့်ရှိသည့် ကုန်းကျော်တံတားပေါ်မှ ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဘီအမ်ကားပြုတ်ကျသဖြင့် အမျိုးသားတစ်ဦး သေဆုံးနှင့် အမျိုးသား ငါးဦးဒဏ်ရာရရှိကြောင် ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း ကိုအောင်ကိုကို မောင်းနှင်သော ယာဉ်အမှတ် (၁၇၈၉) BM အဖြူရောင် သီးသန့် အငှားယာဉ်သည် မြောက်ဥက္ကလာမြို့နယ်မှ မရန်းကုန်းမြို့နယ်သို့ အသွားတွင် အရှိန်မထိန်းနိုင်ဘဲ ကုန်းကျော်တံတားပေါ်မှ မီးရထားသံလမ်းပေါ်သို့ ပြုတ်ကျခြင်းဖြစ်သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ပြုတ်ကျသည့် အသံကြားရသဖြင့် ၁ နာရီ ၃၅ အချိန်ခန့်တွင် လူနာတင်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးတို့ဖြင့် သွားရောက်ရှာဖွေရာ အဆိုပါ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသား ၅ ဦးဒဏ်ရာရရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး မြောက်ဥက္ကလာပမြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ထောက်ကြန့်မြို့နယ်နေ ယာဉ်မောင်းသည် ရင်ဘတ်ပွင့်ထွက်ဒဏ်ရာ၊ ဝဲယာလက်ဖူးရောင်သေဆုံးခဲ့သည်။
ထို့ပြင် မြောက်ဥက္ကလပမြို့နယ်မှ ကိုထွန်းလင်းနိုင်တွင် ဝဲလက်မောင်းဖူးရောင်၊ ဝဲနောက်စေ့စုပ်ပြဲခြင်း၊ ကိုမျိုးအောင်တွင် ညာခြေကျင်းဝတ်စုပ်ပြဲ၊ ညာပေါင်ပွန်းခြင်း၊ ကိုခင်မောင်းဌေး ဂုတ်ပိုးပြတ်ရှ၊ ဝဲမျက်ခုံးဖူးရောင်ယာပခုံးနှင့် ယာဒူးပွန်း၊ ကိုမောင်မောင်စိုး ယာနထင်ဖူးရောင်၊ ကိုကျော်မင်းလွင် ယာဂျိုးစောင်းစုပ်ပြဲ၊ ဝဲမျက်စေ့ပွန်း၊ နှုတ်ခမ်းပွန်းဒဏ်ရာရရှိခြင်းတို့ ရရှိခဲ့သည်။
ယင်းကုန်းကျော်တံတားအောက်အနီးတွင် နေထိုင်သူ အသက် ၇ဝ ခန့်ရှိသူ အဘွားတစ်ဦးက “ဝုန်းကနဲအသံ ကြားတော့နိုးသွားတယ်။ နောက် လူအသံတွေကြားနေရတော့ ဘီအမ်ကားကုန်းတံတားပေါ်ကနေအောက်ကို ကျတာဖြစ်နေတယ်။ ဒီလိုမျိုးပြုတ်ကျတာ အရင်ကလဲ ဖြစ်ဖူးတယ်”ဟု မဇ္ဈိမကိုပြောသည်။
မြောက်ဥက္ကလာမြို့နယ် တပ်ဖွဲ့စု ၄၂ မှ ဒုတပ်ကြပ်ထင်လင်းဇော်က မြို့မရဲစခန်းမှ သေဆုံးသူအောင်ကိုကို ၂၉ နှစ်အား ယာဉ် ပ- ၁ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃ဝ၄-ကဖြင့် အရေးယူထားသည်ဟု မဇ္ဈိမကိုပြောသည်။
No comments:
Post a Comment