Wednesday, February 5, 2014

ဦးအုန်းမြင့် ပြောစကား လွတ်လပ်စွာ ထုတ်ဖော်သည်ဟု သဘောထား၍ရဟု ပြန်ကြားရေးဝန်ကြီး ကာကွယ်ပြောဆို

ဥာဏ်လှိုင်လင်း

အစိုးရကို ထော်လော်ကန့်လန့်လုပ်ပါက တောခိုရန်၊ အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲ ထည့်ပစ် မည်၊ အစိုးရကို စေတနာပျက်အောင်လုပ်လျှင် ငွေကြေးထောက်ပံ့မှု လုံးဝပေးမည်မဟုတ်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် မကွေးတိုင်း၊ တင်္နသာရီတိုင်း ဒေသခံကျေးရွာသားများကို ပြောဆိုခဲ့သူ ဝန်ကြီး ဦးအုန်းမြင့်၏ စကားများကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုသည်ဟူ၍လည်း သဘောထားနိုင်ပါသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖေဖော်ဝါရီ ၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ယင်းသို့သောစကားများကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် လည်းကောင်း၊ ၂ဝ၁၄၊ ဇန်နဝါရီလ အတွင်း မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင်လည်းကောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောဆိုခဲ့မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီး အဆိုတင်သွင်းဆွေးနွေးစဉ်ပြန်ကြားရေးဝန်ကြီးက ယင်းသို့ ကာကွယ်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဦးအုန်းမြင့်၏ ပြောဆိုချက်များအပေါ် သဘောရိုး သို့မဟုတ် ကောက်ကျစ်သောအကြံ၊ မသန့်သော စေတနာဖြင့် ပြောဆိုခဲ့ခြင်း စသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က လေ့လာသုံးသပ်နေသည်ဟုလည်း ဦးအောင်ကြည်က လွှတ်တော်သို့ အသိပေးခဲ့သည်။

လွှတ်တော်နှင့် ပြန်ကြားရေးဝန်ကြီးတို့ အပြန် အလှန် ဆွေးနွေးပြီးနောက် အစိုးရအဖွဲ့၏ တာဝန်ယူဖြေရှင်းဆောင်ရွက်မှုကို မှတ်တမ်းတင် စောင့်ကြည့်မည်ဟု ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

No comments: