မင်းမင်း
အားကစားဝန်ကြီးဌာနက နိုင်ငံပိုင်လုပ်ငန်းစီမံကိန်းတွင် သုံးစွဲရန် လျာထားသည့် ငွေစုစုပေါင်း၏ ထက် ၀က်ကျော်သည် နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိအားကစားကွင်းအတွက် ဖြစ်နေရာ နိုင်ငံတစ်ဝန်းပြည့်စုံမှု မရှိ သေးသော မြို့နယ်အားကစားကွင်းများအတွက် ပြောင်းလဲသုံးစွဲရန် လွှတ်တော်အမတ်များက ထောက်ပြ ဝေဖန်ခဲ့သည်။
အစိုးရက အားကစားကဏ္ဍတွင်သုံးရန် ကျပ်သန်းပေါင်း ၁၇,၉၅၆ ဒသမ ၆၀၈သန်းလျာထားပြီး ဆီးဂိမ်း အားကစားပွဲ ကျင်းပခဲ့သည့် ၀ဏ္ဏသိဒ်္ဓိကွင်းကို ကျပ်သန်းပေါင်း တစ်သောင်းနီးပါး (၉,၉၆၈ ဒသမ ၂သန်း) ကိုသုံး၍ Sport Complex တည်ဆောက်မည်။
ထို့ကြောင့် အားကစားဝန်ကြီးဌာနက နိုင်ငံပိုင်လုပ်ငန်းများတွင် သုံးစွဲရန်လျာထားသည့် ထက်ဝက်ကျော်ကို ၀ဏ္ဏသိဒ်္ဓိအားကစားကွင်းတွင် သုံးစွဲမည့်သဘော ဖြစ်နေသည်။
“ဒီလျာထားချက်ကို တစ်ဝက်လျှော့ချ ဒါမှမဟုတ် ပယ်ဖျက်ပြီးတော့ မြို့နယ်တွေမှာ လိုအပ်နေတဲ့ အား ကစားကွင်းတွေအတွက် ပြောင်းလဲလျာထားပေးဖို့ ပြင်ဆင်အဆိုပြုပါတယ်” ဟု တံတားဦးမြို့နယ်အမတ် ဒေါ်ခင်သန္တာက ထောက်ပြခဲ့သည်။
နိုင်ငံအတွက် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန် အားကစားကဏ္ဍအသုံးစရိတ်များကို တိုင်းနှင့်ပြည်နယ်များကို မျှမျှတတချပေးသင့်သည်ဟု မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးကလည်း ဝေဖန်ခဲ့သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်လုပ်ငန်းများအတွက်သုံးစွဲရန် အစိုးရလျာထားသည့် “အမျိုးသားစီမံ ကိန်း” မူကြမ်းကို ဆွေးနွေးစဉ် ဖေဖော်ဝါရီ ၁၀ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
“နေပြည်တော်မှာ တော်တော်ကို ပြည့်စုံနေပြီးသား ဖြစ်ပါတယ်။ လူဦးရေအားဖြင့်လည်း နည်းပါတယ်။ နေပြည်တော်မှာ လျှော့ချပြီးတော့ ကျေးလက်တွေ အခြားပြည်နယ်တွေ၊ တိုင်းတွေကို မျှပေးဖို့ တင်ပြပါတယ်” ဟု ဒေါက်တာဗညားအောင်မိုးက ထောက်ပြပြောဆိုသည်။
အစိုးရက အားကစားအတွက် နိုင်ငံပိုင်လုပ်ငန်းစီမံကိန်း လျာထားချက်တွင် ၀န်ကြီးရုံးအတွက် ပရိဘော ဂနှင့် ယာဉ်များဝယ်ယူရန်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက မော်လမြိုင်၊ တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်ခြင်းနှင့်အဆင့်မြှင့်ပြုပြင်မွမ်းမံခြင်း၊ ရုံး သုံးစက်ကိရိယာ၊ ပရိဘောဂနှင့်ယာဉ်များ ၀ယ်ယူရန်နှင့် ၀ဏ္ဏသိဒ်္ဓိကွင်း Sport Complex တည်ဆောက် ခြင်းတို့တွင် သုံးစွဲမည်ဖြစ်သည်။
သို့သော် မြို့နယ်အားကစားကွင်းများအတွက် သုံးစွဲရန်လျာထားမှု မရှိပေ။ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့ လွှတ်တော်အမတ် ဦးဘရှိန်က “ဘတ်ဂျက်ခွဲဝေမှုမှာ နေပြည်တော်သုံးစွဲတဲ့ဟာက အစစအရာရာ သိပ် များလွန်းတယ်။ ဒီလောက် ဖွံ့ဖြိုးနေပြီပဲ။ ကျေးလက်တွေအတွက် အဓိက လုပ်သင့်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိဘဏ္ဍာနှစ်တွင်လည်း ဆီးဂိမ်းအားကစားပွဲအတွက် အဆောက်အအုံများအရေးတကြီး လိုအပ်နေ သည့်အတွက်မြို့နယ်အားကစားကွင်းများအတွက် ဘဏ္ဍာငွေသုံးစွဲခဲ့ခြင်းမရှိဟုလည်း တံတားဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်သန္တာက ထောက်ပြသည်။
“ကျွန်မတို့ မြို့နယ်အားကစားကွင်းဆိုလို့ရှိရင် လိုအပ်ချက်များစွာ ရှိပြီးတော့မှ အားကစားလှုပ်ရှားမှုဟာ မရှိသလောက်ကို ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
အားကစားဝန်ကြီးဌာနသည် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ် များတွင်ကျင်းပခဲ့သည်။ တက္ကသိုလ်အဆင့် ပြိုင်ပွဲများအတွက် အားကစားပြက်္ခဒိန်များ ရေးဆွဲကာ နှစ်စဉ် ကျင်းပပေးနေပြီး အခြေခံပညာကဏ္ဍတွင် ပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲများကို ၂၀၁၁ ခုနှစ်တွင် အားကစားနည်း ၁၃ မျိုးဖြင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
No comments:
Post a Comment