Saturday, February 15, 2014

ကေအိုင်အိုဌာနချုပ်အနီး တိုက်ပွဲများပြန်ဖြစ် အပစ်အခတ်ရပ်စဲရေး ထိခိုက်နိုင်

ဖနိဒါ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ တပ်မဟာ(၅) နယ်မြေအတွင်းသို့ အစိုးရတပ်များ လှုပ်ရှားသွားလာနေမှု ပိုမိုများပြားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး မှုများ တစ်စုံတစ်ရာ ထိခိုက်မှုရှိလာမည်ဟု KIO နည်းပညာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက သတိပေး ပြောဆိုလိုက်သည်။

ဇန်န၀ါရီ ၁၀ ရက်မှစတင်၍ KIO ၏ တပ်မဟာ(၅)၊ တပ်ရင်း(၁၈) နယ်မြေအတွင်း အစိုးရတပ်က သစ်မှောင်ခိုများ ရှင်းလင်းရန်ဟူသည့် အကြောင်းပြချက်ဖြင့် ၀င်ရောက်လာခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ကို ဆရာဒေါင်ခါးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ဒါက အနည်းနဲ့အများတော့ ထိခိုက်သွားမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံတကာသတင်းဖြစ်လာ တယ်။ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ တော်တော်လည်း ခက်ခဲတယ်။ ကချင်လူထုတွေအနေနဲ့ လည်း ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ ခက်ခဲစေတယ်။ လက်ရှိ ညှိနှိုင်းဆွေးနွေးရေးမှာလည်း အများကြီး ထိခိုက်မှုတွေရှိမှာပဲ”ဟု ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်နှင့် KIO တပ်ဖွဲ့ဝင်တို့ နီးနီးကပ်ကပ်ရှိနေခြင်းကြောင့် ဖေဖော် ၀ါရီလ ၁၂ ရက်က KIA တပ်မဟာ(၅) လက်အောက်ခံတပ်ရင်း(၁၈) ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သော ခအူးကျေးရွာမှ နှစ်မိုင်အကွာရှိ KIA ရှေ့တန်းစခန်းတွင် အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သ ဖြင့် ရှောင်တိမ်းခဲ့ရသည်ဟု KIA ရှေ့တန်းမှ အရာရှိတစ်ဦးက ပြောသည်။

“လက်နက်ကြီးရော ပစ်တယ်။ သူတို့စစ်တပ်က ၂၀၀၊ ၃၀၀ လောက်ရှိတော့ မနေ့က ညနေပိုင်း ၄ နာရီ လောက်မှာ ရှောင်ပေးလိုက်တယ်။ အစိုးရတပ်က ထပ်ပြီး အင်အားဖြည့်ရင်တော့ တိုက်ပွဲကြီး ဖြစ်လာနိုင် တယ်”ဟု ပြောသည်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုနှင့်ပတ်သက်၍ KIO နည်းပညာအဖွဲ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) သို့ ဇန်န၀ါရီ ၁၃ ရက်တွင် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက သတိပေး ပြောဆိုလိုက်သည်။

KIO နည်းပညာအဖွဲ့မှတင်ပြသောစာကို သက်ဆိုင်ရာအစိုးရထံ အကြောင်းကြားထားပြီးဖြစ်ပြီး ငြိမ်းချမ်း ရေးဆွေးနွေးနေချိန်တွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးကြရန် ပြောဆိုထားသည်ဟု MPC မှ အကြီးတန်းဒေါက် တာမင်းဇော်ဦးက ပြောသည်။ ကချင်နယ်မြေအတွင်း သစ်မှောင်ခိုထုတ်သူများကို ရှင်းလင်းဖမ်းဆီးရာမှ တိုက်ပွဲများ ဖြစ်ပွားခြင်းဟုလည်း ဆိုသည်။

“ငြိမ်းချမ်းရေးလုပ်တဲ့အချိန်ဖြစ်တော့ နှစ်ဖက်လုံးကနေ ဆင်ဆင်ခြင်ခြင်နဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်အောင်ဆို ပြီး ပြောပါတယ်။ တချို့ဟာတွေကျတော့ တရားမ၀င် သစ်ကိစ္စပါတာလည်း ရှိတယ်။ ကျွန်တော်တို့ကြား တာက ဧရာဝတီမြစ်နားထိ သစ်ခုတ်တဲ့ဟာတွေ ရှိတယ်။ အဲဒီသစ်လုံးတွေက ပြောင်းပြန်ပြန်တက်ပြီး တော့ တရုတ်ဘက်ကိုထွက်ဖို့ တရားမ၀င်သစ်တွေ ဖြစ်တယ်ဆိုပြီးတော့ လိုက်ဖမ်းရင်းနဲ့ ဖြစ်တယ်လို့ ကြားတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာက အစိုးရနှင့် KIO ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွင် စစ်ရှိန်လျှော့ကာ တိုက်ပွဲများမဖြစ်ပွားရေး ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီဖွဲ့ရန် အပါအ ၀င် အချက်ငါးချက်ကို သဘောတူညီခဲ့ရာ ယနေ့ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ထို့နောက် နိုဝင်ဘာလဆန်းပိုင်းကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် KIO အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံဆွေး နွေးခဲ့ရာ သဘောတူညီမှုမရရှိဘဲ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာတန်းပါ သဘောတူညီမှုများ မရ သေးဘဲ ဘားအံမြို့တွင် လာမည့်မတ်လအတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

No comments: