Friday, February 7, 2014

မြေသိမ်းလမ်းစဉ်အစား မြေစွန့်လမ်းစဉ်သာ ကျင့်သုံးတော့မည်ဟု တပ်မတော်ကတိပေး

မင်းမင်း

တပ်မတော်သည် မြေသိမ်းလုပ်ငန်းစဉ်များ ရှိတော့မည်မဟုတ်ဘဲ မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်း သာရှိတော့မည်ဟု ကာကွယ်ရေး ဒု-၀န်ကြီးဗိုလ်ချုပ်ကျော်ညွန့်က ဆိုလိုက်ပြီး တပ်က သိမ်းထားသည့် မြေဧကပေါင်း တစ်သိန်းခွဲကျော်ကို ပြန်လည် ပေးအပ်တော့မည်ဟု ကတိပြုလိုက်သည်။

ဖေဖေါ်ဝါရီ ၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ကတိပြုပြောဆိုသွားခြင်းဖြစ်ပြီး “တပ်မတော်အနေ နဲ့ မြေသိမ်းလုပ်ငန်းစဉ်မရှိတော့ဘဲ မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်သာရှိ” ဟု ဗိုလ်ချုပ်ကျော်ညွန့် က ပြောသည်။

မြေများပြန်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သည် ဟုလည်း ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။ မြေဧကများကို တိုင်းနှင့်ပြည်နယ်အလိုက် မည်သည့်အကျယ် အ၀န်း ပြန်ပေးမည်ကို သတင်းစာများတွင် မကြာခင် ဖေါ်ပြပေးမည်ဟုဆိုလိုက်ပြီး ပြန်ပေးမည့် ရက်အတိ အကျကိုမူ ပြောဆိုသွားခြင်းမရှိပေ။

လွှတ်တော်တွင် တပ်သိမ်းမြေများကို အများဆုံး ဝေဖန်ထောက်ပြခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက “အကုန်လုံး ဒုက္ခရောက်နေကြရတာ။ အထူးသဖြင့်လယ် သမားတွေပေါ့ဗျာ။ ဒါမှ ပြန်မပေးရင်လည်း ကျွန်တော်တို့က လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘာပဲပြော ပြော ပြန်ပေးရင် ၀မ်းသာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းမြေများကို မူလပိုင်ရှင်များ ထံပြန်ပေးရန်လိုသလို ပြန်မပေးနိုင်သည့် မြေများကိုလည်း လျော် ကြေးပေးရန် လိုအပ်သည်ဟု ဦးဖေသန်းကဆိုသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြည်ထောင်စု လွှတ် တော်တွင် အမတ်အများစုက တပ်သိမ်းမြေများအပေါ် ကန့်ကွက်ဝေဖန် ထောက်ပြပြောဆိုမှုများကိုလည်း “တပ်မတော်သားတစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း ၀မ်းနည်းမိပါကြောင်း” ဟု ဗိုလ်ချုပ် ကျော်ညွန့်က ပြည်ထောင်စု လွှတ်တော်တွင် ပြောဆိုခဲ့သေးသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် လယ်ယာမြေစုံစမ်းရေးကော်မရှင် စုံစမ်းထားသည့် မြေ ယာအမှုပေါင်း ၇၄၅ မှုတွင် စစ်တပ်သိမ်းထားသည့် လယ်ယာမြေအမှုမှာ ၅၆၅ မှုရှိခဲ့သည်။ အဆိုပါ ၅၆၅ မှုအနက် ၃၃၂ မှုကို ဖြေရှင်းပြီးပြီဟူ၍ ဇန်န၀ါရီ ၂၁ ရက်က ပြည်ထောင်စု လွှတ်တော်သို့ သမ္မတက သ၀ဏ်လွှာပို့ခဲ့ရာ “မှန်ကန်တိကျမှု မရှိ” ဟု လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန် ဝေဖန်ထား သည်။

ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့် က “တပ်သိမ်းမြေတွေ မူလပိုင်ရှင်တွေကို ပြန်ပေးမယ်ဆိုပြီး စာတွေ ရောက်ခဲ့ပါတယ်။ တောင်သူတွေဆီကို ပို့တာပါ။ လက်တွေ့မှာတော့ မြေတွေ ပြန်မအပ်တဲ့အပြင် အဲဒီ တောင်သူတွေဟာ ကျူးကျော်မှုနဲ့ တရားစွဲ ခံနေရပါတယ်။ “ပေးကားပေး၏ မရ” ဖြစ် နေရုံမကဘဲ တရား ရုံးမှာပါ အမှုရင်ဆိုင်နေကြရတယ်” ဟု ဇန်န၀ါရီ ၂၁ ရက်က ဝေဖန်ပြောကြား ထားသည်။

No comments: