Saturday, February 8, 2014

အပစ်ရပ်အတောအတွင်း ကလေးနှင့်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုခံနေရ

မော်ရယ်

ကယား(ကရင်နီ)ပြည်မှာ အပစ်ခတ်ရပ်သဘောတူလက်မှတ်ရေးထိုးပြီးနောက် ကလေးနှင့် အမျိုးသမီးများ လုံခြုံစိတ်ချစွာ သွားလာခွင့်မရှိဘဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများအားရင်ဆိုင်နေကြရကြောင်း ကရင်နီအမျိုးသမီးအဖွဲ့မှ ယမန်နေ့က ထုတ်ဖေါ်ပြောကြားလိုက်သည်။

၂၀၁၂ခုနှစ်က အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအကြား အပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးနောက် ပြည်တွင်းရှိ အမျိုးသမီးထုတရပ်လုံး ကာကွယ်မှုယန္တရားအောက်မှာ ရှိစေနိုင်ရန် CEDAWနှင့်ပတ်သက်သည့် အမျိုးသမီးအခွင့်အရေးပညာပေးအစီအစဉ် များပြုလုပ်နေချိန်အတောအတွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကလေးငယ်တွေ အမျိုးသမီးတွေသူတို့သွားချင်တဲ့ နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်ဖို့ တကယ်ပဲသွားနိုင်တဲ့ အနေအထားမှာ မရှိသေးဘူး တယောက်တည်းသွားတဲ့ ဥစ္စာမျိုးတွေဆိုလို့ရှိရင် ပြုကျင့်မှုတွေခံရတာမျိုးတွေ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်မှုတွေ ခြိမ်းခြောက်မှုတွေ အဲလိုတွေ့ရှိတယ်”ဟု ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ဥက္ကဌ မော်သိုးမြာကပြောသည်။

Convention on Elimination of Discrimination Against Women(CEDAW) ခေါ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် နှင့်ပတ်သက်သည့် အသိပညာပေးအစီအစဉ်ကို KNWO အဖွဲ့မှ အဖွဲ့ခွဲများဖွဲ့၍ ပြည်တွင်းရှိမြို့နယ်အလိုက်၊ ကျေးရွာအလိုက် ရက်တို၊ရက်ရှည်သင်တန်းများပြုလုပ်ပေးလျက်ရှိသည်။

“ကျမတို့ ဒီတောက်လျှောက် ၂၀၁၂ကနေ ကျမတို့ ပစ်ခတ်ရပ်စဲရေးကိုပြန်ကြည့်တဲ့  အခါမှာကျမတို့ ကရင်နီအမျိုးသမီးအဖွဲ့က မှတ်တမ်းထားတဲ case တွေက စစ်နဲ့ဆိုင်တဲ့လူတွေပဲ ပိုများတာဖြစ်တယ်”ဟု ဥက္ကဌမော်သိုးမြာကပြောသည်။

ဖရူဆိုမြို့နယ်တွင် တည်ဆောက်ထားသော အမှတ်-၁၄ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှတပ်သားတဦး ရွာပြင်တွင် ဟင်းရှာနေသော အမျိုးသမီးတဦးအား ဇန်န၀ါရီလ ၂၆ရက်နေ့က အတင်းအဓ္ဓပြုကျင့်ရန်ကြံစည်ခဲ့မှုသည် အမျိုးသမီးများကိုသာမက ရွာသားအားလုံးကိုပါ ခြိမ်းခြောက်နေသည်ကိုပြသခြင်းဖြစ်သည်ဟုဆိုသည်။

ကယားပြည်နယ်ရှိ အစိုးရတပ်စခန်းများသည် ရွာသူ/သားများနေထိုင်သော မြို့နှင့်ရွာများကိုအကာအကွယ်ထားပြီး တပ်စခန်းများ တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုအပြင် တခြားသော လူမှုရေးဆိုင်ရာခြိမ်းခြောက်မှုများပါရင်ဆိုင်နေကြရကြောင်း ပြည်တွင်းအမျိုးသမီးအခွင့်အရေးပညာပေးအစီအစဉ်များ အနီးကပ်တာဝန်ယူဆောက်ရွက်နေသည့် KNWO မှ ဆရာမ မိမိကပြောသည်။

“အမှတ် ၁၄ တန်းမြင့်ကျောင်းရှိခြင်းအားဖြင့် အမျိုးသမီးတွေ ကသူတို့ခံစားချက်တွေက သူတို့တွေက ဒီလိုလမ်းပေါ်မှာသူတို့ကိုသူတို့က မလုံခြုံဘူးလို့ခံစားရတာပေါ့နော် သူတို့သွားလို့ လာတဲ့အချိန်မှာ ခါတိုင်းက သူတို့သွားတာဘာမှမဖြစ်ဘူးပေါ့နော် အခုက စစ်တပ်ကြီး သူတို့သွားတဲ့လမ်းပေါ်မှာ ရှိနေတော့ သူတို့အတွက်မလုံခြုံဘူးလို့ ခံစားရတာပေါ့နော် အထူးသဖြင့်မိန်းကလေးတွေဆို လိင်ပိုင်းဆိုင်ရာတွေပေါ့နော် အမြတ်ထုတ်မှုတွေ ခံရမလားလို့သူတို့တွေခံစားရတယ် သူတို့တွေစိတ်မသန့်ဘူးပေါ့နော်”

No comments: