အောင်ကိုဦး
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ လယ်ယာမြေဧက တစ်သောင်း ကျော်ကို စစ်တပ်နှင့်ဌာနဆိုင်ရာအသီးသီးက သိမ်းယူထားရာ ယာမြေများ ပြန်ရရေး ဒေသခံတောင်သူ ၁၀၀ ဦးက ဇန်န၀ါရီ ၃၀ ရက်တွင် ဆန္ဒဖေါ်ထုတ်တောင်းဆိုကြပြီး တစ်ပတ်အတွင်း ဖြေရှင်းမပေးပါက ထွန်တုံးတိုက်ပွဲဝင်မည်ဟု တောင်သူများက ပြောသည်။
သိမ်းဆည်းမြေများအတွက် ဆယ်စုနှစ်ကျော်ကြာ တောင်းဆိုလာခဲ့ပြီး မရမချင်း ထွန်တုံးတိုက်ပွဲဝင်သွား မည်ဟု ဆန္ဒဖေါ်ထုတ်မှု ခေါင်းဆောင်သူ မတ္တရာမြို့နယ်၊ ကျောက်စရစ်မြောက်ရွာမှ ကိုရဲရင့်အောင်က စုဝေးဟောပြောပွဲတွင် ပြောသည်။
“တရားဝင်စာတင်တာက တောင်သူ ၁၀၀ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ဖော်ဖို့ပါ။ မတ္တရာမြို့နယ် ရဲ တပ်ဖွဲ့က တောင်သူ ၁၀၀ ကို ငြိမ်းချမ်းစွာ စုဝေးခွင့်သာ ပေးတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
စီတန်းလမ်းလျှောက်မှုကို ခွင့်မရသော်လည်း လယ်သိမ်းခံ ဒေသခံတောင်လယ်သမားများက မတ္တရာမြို့ နယ် ကျောက်စရစ် မြောက်ရွာရှိ အောင်ချမ်းသာဓာတ်ပေါင်းစုစေတီဝင်းမှ မတ္တရာမြို့အထိ ၈မိုင်ခန့်လမ်း လျှောက် တောင်းဆိုမှုလုပ်ခဲ့ပြီး ပုထိုးတော်ကြီးလမ်း၊ အောင်ချမ်းသာ အမှတ်(၅) ရပ်ကွက်တွင် စုဝေး၍ ဦးဆောင်သူ နှစ်ဦးက ဟောပြောကြသည်။
ဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်၍ မတ္တရာမြို့နယ် ရဲစခန်းမှူးဦးအောင်မင်းကို မဇ္ဈိမက မေးမြန်းရာတွင် “သူတို့ကို စုဝေးခွင့်ပဲ ပေးထားတာပါ။ လမ်းလျှောက်တာ ခွင့်ပြုမထားပါဘူး။ အရေးယူဖို့ မယူဖို့ကတော့ ကျွန်တော့်အနေနဲ့ ဖြေကြားလို့ မရပါဘူး။ အထက်အရာရှိ အဆင့်ဆင့်ကမှ သိမှာပါ”ဟု ဆိုသည်။
လယ်ယာမြေများကို ၁၉၈၆ ခုနှစ်မှစတင်ကာ ၂၀၀၀ ခုနှစ်ကျော်အထိကာလအတွင်း စစ်တပ်နှင့် ဌာန ဆိုင်ရာအသီးသီးမှ သိမ်းယူခဲ့သော်လည်း နစ်နာကြေးနှင့် မြေအစား ပြန်မရသည့်အပြင် အရေးယူမှုများ လုပ်ခဲ့ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ကျောက်စရစ်တောင်ရွာမှ ဦးနေ၀င်းက ပြောသည်။
ကျေးရွာပေါင်း၂၀ကျော်မှ မြေဧကတစ်သောင်းကျော်ကို အမှတ်(၁၂၁)၊ ထောက်ပံ့ရေးတပ်၊ ခလရ ၁၁၉၊ ခလရ ၁၁၆ နှင့် သ/မ ဦးစီးဌာနတို့မှ အများဆုံး သိမ်းယူခဲ့ကြပြီး အမှတ်(၅)၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီ ယာတပ်၊ အမှတ်(၂) စစ်ကြောရေးနှင့် တည်းခိုရေးတပ်တို့မှလည်း သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု တောင်သူ လယ်သမားများက ပြောသည်။
No comments:
Post a Comment