ဖိုးစိုးသူ
ပဲခူးတိုင်း ရွှေကျင်မြို့အလယ်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်ပြည့် မွေးနေ့အမှတ်တရ ပြုလုပ်ပါက တရားစွဲအရေးယူမည်ဟု ရွှေကျင်မြို့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု ရွှေကျင်ဒေသခံများက မဇ္ဈိမကို ပြောသည်။
ရွှေကျင်မြို့ခံ လူငယ်များဦးဆောင်ပြီး လွပ်လပ်ရေးကျောက်တိုင်တွင် သံဃာ ၅ ပါးကို ပင့်ဆောင်ဆွမ်းကပ်ပြီး မြို့ခံများကို ဗိုလ်ချုပ်ကို သတိတရရှိစေရန်အတွက် ပဲပြုတ်နှင့် နံပြားကြွေးမည့်အစီစဉ်ကို ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဖေဖော်ဝါရီလ ၂ရက်တွင် ခွင့်ပြုချက်မပေးခဲ့ဟု ရွှေကျင်မြို့ခံလူငယ် ကိုရာဇာက ဆိုသည်။
"မင်းတို့ ဘာရည်ရွယ်ချက်နဲ့လုပ်မှာလည်း ဗိုလ်ချုပ်မွေးနေ့နဲ့ ကျောက်တိုင်နဲ့ ဘာပတ်သက်မှုရှိလို့လည်းလို့ အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေဝင်းက ခြိမ်းခြောက်တယ်။ မနေ့က မြို့ထဲမှာလော်နဲ့ ကျောက်တိုင်ကို အလေးမပြုရ၊ လူစုလူဝေး မလုပ်ရ၊ လုပ်လို့ရှိရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုပြီး သတိပေးတာတွေလုပ်ခဲ့တယ်" ဟု ပြောပြသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ တွင် ရွှေကျင်မြို့ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့တွင်းတွင် ရဲဝန်ထမ်းများ လုံခြုံရေးအနေဖြင့် ချထားသည်ဟု ရွှေကျင်မြို့ရဲစခန်းမှ ဒုရဲမှုးလှိုင်ထွန်းဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုဖြေကြားခဲ့သည်။
"ရဲဝန်ထမ်းတွေတော့ ချထားတယ်။ အင်အားဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ မပြောပါဘူး"ဟု ၎င်းက ဆိုသည်။
ပွဲကျင်းပခွင့်ရရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ညှိနှိုင်းသော်လည်း အဆင်ပြေမှုမရရှိခဲ့ကြောင်း ၈၈ ပွင့်လင်းလူ့အဖွဲ့စည်း၊ လူမှုဆက်ဆံရေးဋ္ဌာနက ကိုဥာဏ်လင်း က ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ ရွှေကျင်မြို့ခံ လူငယ်တွေ ကျောက်တိုင်မှာ အလေးပြုခွင့်ရဖို့ အတွက် အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပါတယ်။ နောက်ပြီး အရပ်ဝတ် ရဲတွေနဲ့လည်း ခွင့်ပြုပေးဖို့ ညှိနှိုင်းပါတယ်။ မရခဲ့တဲ့အတွက် သူတို့တွေ ရပ်ကွက်ထဲမှာပဲ လုပ်ဖြစ်ခဲ့တယ်" ဟု ရွှေကျင်မြို့ခံလူငယ်များ ဗိုလ်ချုပ်မွေးနေ့ ကျင်းပခွင့်ရရန် ၀ိုင်းဝန်းအကူညီပေးခဲ့သော ၈၈ ပွင့်လင်းလူ့အဖွဲ့စည်း၊ လူမှုဆက်ဆံရေးဋ္ဌာနက ကိုဥာဏ်လင်းက ဆိုသည်။
အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "အစည်းဝေးလုပ်နေတယ်။ မအားသေးပါဘူး" ဟုသာ ဖြေကြားပြီးနောက် ဖုန်းကို အကြိမ်ကြိမ် ဆက်ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ စက်ပိတ်လိုက်ပါသည်။
No comments:
Post a Comment