Sunday, February 2, 2014

ပုဂံဇုန်ဝင်ကြေးကောက်ခံမှု ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လွှဲပေးရန် စီစဉ်

မျိုးသန့်

ပုဂံယဉ်ကျေးမှုဇုန်အတွင်း ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်လျှင် ကောက်ခံသည့် ပုံဂံဇုန်ဝင် ကြေးကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် Myanmar Tourism Federation (MTF) သို့ လွှဲပြောင်း ပေးရန် စီစဉ်သွားမည်ဟု မန္တလေးတိုင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ဇန်န၀ါရီ ၂၉ ရက်က ပြောသည်။

“ပုဂံရှေးဟောင်းဇုန်ကို ပြည်ထောင်စုအစိုးရက ကောက်ခံမှုလုပ်နေရာကနေ MTF ကို လွှဲပြောင်းပေးဖို့ စီ စဉ်တာ ဖြစ်ပါတယ်။ အဲဒါကို ပြည်ထောင်စုအစိုးရက ဆုံးဖြတ်တာဖြစ်ပါတယ်။ လွှဲပြောင်းပေးဖို့ စီစဉ်တာ ပဲရှိပါသေးတယ်။ ခွင့်ပြုချက်တော့ မပေးသေးပါဘူး”ဟု ဒေါက်တာမြင့်ကြူက ပြောသည်။

ကောက်ခံရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ရာ တင်ဒါလျှောက်ထားလာ သူမှ ယခုအချိန်အထိ တစ်ဦးမှမရှိသောကြောင့် MTF အား ကောက်ခံခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။ ကောက်ခံရာမှရရှိသည့် ငွေများကို ပြည်ထောင်စုအစိုးရမှ ၈၅ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းကို MTF အနေ ဖြင့် ရရှိမည် ဖြစ်သည်။

လက်ရှိအချိန်တွင် အကျိုးအမြတ်ရာနှုန်း သေချာစွာမတွက်ချက်ရသေးခြင်းကြောင့် ခွင့်ပြုထားခြင်း မရှိ သေးကြောင်း၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ သွားရောက်ကာ အဆို ပါကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပုဂံယဉ်ကျေးမှုဇုန် ၀င်ကြေးကောက်ခံဖို့အတွက် ရပ်မိရပ်ဖ၊ မြို့ကတာဝန်ရှိသူတွေ အစည်းအဝေးလုပ်ပြီး အဖွဲ့တစ်ဖွဲ့လုပ် ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနကနေ နိုင်ငံတော်သမ္မတအထိ ခွင့်ပြုချက်ရရှိအောင် တင်ပြထားရှိပြီးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော် ၀င်းချိုက ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ၀င်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ၁၅ ဒေါ်လာနှုန်း ကောက်ခံနေသည်။ အဆိုပါကောက်ခံခွင့်ရရှိလျှင် ရရှိမည့် ၁၅ ရာခိုင်နှုန်းအား ပုဂံယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းဘုရား၊ စေတီများကို ထိန်းသိမ်းခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments: