သိင်္ဂီထွန်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ ဖေဖော်ဝါရီလ ၁၆ရက် နံနက်က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံပွဲ၏ ရလာဒ်အဖြစ် "စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း (၁၂)တွင် ပါရှိသည့် ပုဒ်မ (၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းဆောင်ရွက်သွားရန်" သဘောတူညီမှု ရရှိခဲ့ကြသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂တို့ပါ ပုဒ်မအချို့ကို ပြုပြင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းက သဘောတူလက်ခံရမည့်အပြင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုပါပြီး မဲပေးသူ၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်အဖွဲ့တို့သည် တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ဗဟိုအလုပ်အမှုများ ဖြစ်သည့် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု၊ ဦးကျော်ခင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမျိုးအောင်၊ ဇေယျာသော် (ဗဟိုအမှုဆောင်၊ ဆက်သွယ်ရေး တာဝန်ခံ) တို့ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီ၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော်၊ ဦးမာကီ၊ ဦးထွန်းမြင့်အောင်၊ ဦးအောင်သူနှင့် မနီလာသိန်း တို့ တွေ့ဆုံခဲ့ကြသည်။
ထို့အပြင် အဖွဲ့အစည်းနှစ်ခု တွေ့ဆုံမှုအတွက် ပူးတွဲကြေညာချက်ကိုလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာရန် သဘောတူညီခဲ့ကြသည်။
No comments:
Post a Comment