Monday, February 10, 2014

ဖွဲ့စည်းပုံပြင်ရန် မန္တလေးတွင် ဆန္ဒပြ

အောင်ကိုဦး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေးအတွက် လူထုဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၁၇-၁၈ လမ်းကြားတွင် ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီက အင် အား ၃၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

“ပြည်သူတစ်ရပ်လုံးအတွက် ပြင်ဆင်ဖို့လိုအပ်တာကြောင့် ခုလို လူထုဆန္ဒ ထုတ်ဖော်တာပါ။ တစ်ဦးတစ် ယောက်အတွက် လုပ်တာမဟုတ်ဘူး။ လက်ရှိဥပဒေတွေက ပြည်သူကို ဖိနှိပ်နေတာတွေရှိတယ်။ လူထု အတွက် အာမခံချက်မရှိဘူး။ ဒါတွေကို ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြင်ဆင်ဖို့တောင်းဆိုတာပါ။ ပါတီနဲ့အဖွဲ့အ စည်းတွေက ဦးဆောင်တာမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေနဲ့ ဦးဆောင်ခဲ့တာပါ”ဟု ဦးဆောင်သူ အထက်တန်းရှေ့နေ ဦးဌေးဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို အထက်တန်းရှေ့နေ ဦးဌေးဝင်းက ဦးဆောင်၍ စီတန်းလှည့်လည်ခွင့်ပြုရန် တင်ပြခဲ့သော်လည်း ယခုနေရာတွင် စုဝေးဟောပြောခွင့်သာ ရရှိခဲ့သည်။

တက်ရောက်လာသူများမှာ NLD ပါတီ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ဒေသခံတို့ပါဝင်ပြီး ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ တိုင်းရင်းသားဒေသများ ထာဝရငြိမ်းချမ်းရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြန် ဆောင်ရွက်ပေး၊ ပြည်သူကို ဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းပေးရေး၊ ပြည်သူ့ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ဟစ်ကြွေး လျက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကြွေးကြော်သံများ၌ အမေစု ကျန်းမာပါစေ၊ သမ္မတကြီး ကျန်းမာပါစေ၊ နာယကကြီးဦးရွှေမန်း ကျန်းမာပါ စေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေတို့လည်း ပါဝင်သည်။

ထိုသို့ ဆန္ဒဖေါ်ထုတ်ခြင်းဖြင့် စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်သည့်၊ နိုင်ငံသားများ၏ အခွင့်အရေး အပြည့်အ၀ရရှိစေမည့်၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးဌေးဝင်းက ပြော သည်။

“ဒီနေ့ပွဲတက်လာတာ ပထမဆုံးဖြစ်တော့ စိတ်လှုပ်ရှားမိတယ်။ ပြင်ဆင်သင့်တယ်ဆိုတာ ပြည်သူတစ်ယောက်အနေနဲ့ လက်ခံလို့ တက်ရောက်ခဲ့တာပါ။ အများက လက်ခံတယ်ဆိုရင် ပြင်ဆင်ပေးသင့်တာ ပေါ့”ဟု အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်မှ မစန္ဒာလွင်က မဇ္ဈိမကို ပြောသည်။

သက်ဆိုင်ရာအာဏာပိုင်တို့ထံ ဇန်န၀ါရီ ၂၄ ရက်ကတည်းက အဖွဲ့နှစ်ဖွဲ့ခွဲ၍ စီတန်းလှည့်လည်ခွင့် တင်ပြခဲ့သော်လည်း အာဏာပိုင်တို့က ယခုနေရာတွင် ထိုနှစ်ဖွဲ့ ပူးပေါင်းကာ စုဝေးဆန္ဒထုတ်ဖေါ်ခွင့်ကို ဖေ ဖော်ဝါရီ ၈ ရက်ကျမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသူများသည် လိုက်လံစည်းရုံး ခေါ်ဆောင်ထားခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့၏ဆန္ဒအရ လာရောက်ကြခြင်းဖြစ်ပြီး လာမည့်ရက်များတွင်လည်း ပုဒ်မ-၅၉(စ)၊ပုဒ်မ ၄၄၇/၄၄၈ တို့နှင့် အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းရယူနိုင်ခြင်းတို့ကို ကန့်ကွက် ကြောင်း စီတန်းဆန္ဒထုတ်ဖော်သွားမည်ဟု အောင်မြေသာစံမြို့နယ်မှ လူငယ်ခေါင်းဆောင်ဖြစ်သူကို ထွန်းလင်းထံမှ သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံသားတိုင်းနှင့်သက်ဆိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲမှာ နံနက် ၁၁ နာရီတွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

No comments: