Sunday, February 2, 2014

ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်သည့်နည်းလမ်းများ အသုံးမပြုရန် တောင်းဆိုမည်

ဖြိုး

မန္တလေးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်မည့်သူများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုအ ဖွဲ့အစည်းကို ထိခိုက်စေမည့် ရေရှည်မခံသော နည်းလမ်းများကို အသုံးမပြုရန် ADB အဖွဲ့မှ အာမခံချက် တောင်းဆိုသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင် Ms. Ninette Ramirez က ပြောသည်။

ဇန်န၀ါရီလ ၂၉ ရက်က ပြုလုပ်ခဲ့သော Alternative Actions for a Green Mandalay ဆွေးနွေးပွဲတွင် မန္တလေးမြို့သည် ဖွံ့ဖြိုးမှုနှုန်းမြန်သည့် မြို့တစ်မြို့ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှပ်နှံသူ များသည် လာရောက်လေ့လာ၍ စီမံကိန်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ စီမံကိန်းရေးဆွဲစဉ်ကာလ၊ တည်ဆောက်စဉ်ကာလနှင့် စတင်လည်ပတ်သည့်ကာလ သုံးခုစလုံးတွင် ရေရှည်မခံသည့် နည်းလမ်း များကို အသုံးမပြုရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

စီမံကိန်း၏ ကာလသုံးခုစလုံးတွင် ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ လုပ်သားများကိုကာကွယ်ခြင်း၊ လူ့အ သိုင်းအ၀ိုင်း သာယာဝပြောစေရေး၊ ကြိုတင်သတင်းထုတ်ပြန်ခြင်းနှင့် Stake Holdersသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်ခြင်း ထိုအချက်ငါးချက်ကို အဓိကထားမည်ဖြစ်သည်။

နောင်ဆောင်ရွက်မည့် စီမံကိန်းများကြောင့် ယဉ်ကျေးမှုဆိုင်ရာဧရိယာများ ထိခိုက်စေခြင်း၊ အဖိုးတန်ဂေ ဟစနစ်ကို ပျက်စီးစေခြင်း၊ လူများ အဓမ္မ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ဒေသခံများ၏ကျန်းမာရေး၊ လူမှုရေးအတွက် အကာအကွယ်မဖြစ်စေခြင်း စသည့်အချက်များကြောင့် စီမံကိန်းဆောင်ရွက်သူများကို အာမခံချက် တောင်းဆိုသွားမည်ဖြစ်သည်။

ယခင်အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်အခြေအနေများကို တွက်ချက်မှုအားနည်းကာ မန္တလေး စက်မှုဇုန်တည်ထောင်ခဲ့ပြီး ၎င်းစက်မှုဇုန်မှ ရေဆိုးများ၊ အနံ့များနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲ များကို လက်ရှိအချိန်မှ ထင်သာမြင်သာဖြစ်ပေါ်လာကာ ဖြေရှင်းဆောင်ရွက်နေရကြောင်းကို မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီဝင် ၁ ဦးထွန်းကြည်က ဆိုသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က မန္တလေးမြို့၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် သင့်လျော်သော စီမံကိန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အထောက်အပံ့ပေးမည်ဖြစ်ပြီး ထို အထောက်အပံ့ဖြင့် ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော မြို့တစ်မြို့ဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း ADB အဖွဲ့ခေါင်းဆောင် Mr.Alistair Blunt က ပြောသည်။

No comments: