Sunday, February 2, 2014

ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိန်လိမ်နေဆဲဟု လွှတ်တော်ဝေဖန်

မင်းမင်း

ပြုပြင်ပြောင်းလဲရေးများ လုပ်လာသည့် လက်ရှိအစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှာ တိုးတက် လာမှုမရှိဘဲ ယခင်အတိုင်း တပိန်ပိန်၊ တလိမ်လိမ် ဖြစ်နေသေးသည်ဟု ပြည်ထောင်စု လွှတ်တော်၏ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဝေဖန်လိုက်သည်။

လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရရေးဆွဲထားသည့် “အမျိုးသား စီမံကိန်းဥပဒေကြမ်း”တွင်ပါ ရှိသော ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကို လေ့လာစိစစ်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇန်န၀ါရီ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“အခု ပညာရေး၊ ကျန်းမာရေးကဏ္ဍဟာ ၀ိတ်တက်မလာဘဲနဲ့ ဒုံရင်း၊ ဒုံရင်းသာ တပိန်ပိန်၊ တလိမ်လိမ် ဖြစ် နေပါတယ်” ဟု ဥပဒေကြမ်း၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကိုတင်ပြစဉ် ဥပဒေကြမ်းပူးပေါင်း ကော် မတီဝင် ဦးမြင့်ထွန်းက ပြောသည်။

နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက အနည်းဖြစ်နေသေးသည့် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကိုလည်း တိုးမြှင့်သုံးစွဲရန် လိုအပ်နေပြီဟုလည်း ဦးမြင့်ထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

“ဘတ်ဂျက်များများရတဲ့ ၀န်ကြီးဌာနတွေ ဆယ်ဦးလောက်က နည်းနည်းမျှပေးလိုက်ရင် နည်းနည်းတက် လာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ မိဘတွေဟာ ဘယ်လောက်ပဲ ဆင်းရဲ၊ ဆင်းရဲ ကိုယ့်သား သမီးတွေကို ပညာတတ်စေချင်ကြပါတယ်။ ကျန်းမာစေချင်ပါတယ်” ဟု ၎င်းကပြောသည်။

ကော်မတီ၏ အစီရင်ခံစာတွင် ပြီးခဲ့သည့် နှစ်နှစ်နှင့်နှိုင်းယှဉ်ပါက ပညာရေးကဏ္ဍ၏ ကျောင်းသား၊ ဆရာ အချိုးနှင့် ကျန်းမာရေးကဏ္ဍ၏ လူဦးရေ၊ ဆရာဝန် အချိုးတို့မှာလည်း တိုးတက်လာခြင်းမရှိဟု ဇယားဖြင့် ရှင်းပြထားသည်။

သို့သော် ဥပဒေကြမ်း၏ ၀န်ကြီးဌာနများအလိုက် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးအဖြစ် ၁၇ ဒသမ ၇ ရာခိုင်နှုန်းရှိနေပြီး ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနေသည်။

ယင်းဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောကို ဆွေးနွေးရန် တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေမှာ ၆၁ ဦး ထိရှိနေပြီး နှစ်ရက်ဆက်တိုက် ဆွေးနွေးကြမည် ဖြစ်သည်။

ကျန်းမာရေးကဏ္ဍကို ဆွေးနွေးခဲ့သည့် ပဲခူးတိုင်းမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြဦးက “ကလေးသူငယ်နဲ့ မိခင်တွေကို စောင့်ရှောက်တဲ့နေရာမှာ ပီပီပြင်ပြင်ဖြစ်ဖို့ အကြံပြုလိုပါတယ်။ ကလေး သူငယ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းက အာဟာရချို့တဲ့ပြီးတော့ ပုညှက်နေတာကို တွေ့ရပါတယ်။ ဒါတွေကို လုပ်ဖို့ နှေးကွေးနေတယ်” ဟု ထောက်ပြခဲ့သည်။

ယင်းအပြင် ပညာရေးကဏ္ဍကို ဆွေးနွေးခဲ့သည့် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေကလည်း လွှတ်တော်တွင် ပညာရေးဝန်ကြီးဌာနက ကတိပြုထားခဲ့သော ကိစ္စရပ် များမှာ လက်ရှိအချိန်ထိ အကောင်အထည်ဖော် ပေးခြင်းမရှိဟု ဆိုသည်။

အစိုးရ၏ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပညာရေးဝန်ကြီးဌာနက ကျပ်သန်း ၂၆၈,၄၀၆ ဒသမ ၆၄၇၊ ကျန်းမာရေးဝန်ကြီးဌာနက ၂၇၀,၄၆၆ ဒသမ ၉၃၀ သုံးစွဲမည်ဟု ဖော်ပြထားသည်။

No comments: