Wednesday, February 12, 2014

တမူးတွင် ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားမှု ဖမ်းမိပြီ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ၊ ဆလိုင်းဘက်ကွင်းတွင် လွန်ခဲ့သည့် နှစ်လနီးပါးခန့်က မယားပါသားဖြစ်သူက ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စကို ဖေဖော်ဝါရီလ ၈ ရက် နံနက် ၃ နာရီအချိန်က စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူလိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်လနီးပါးခန့်က တမူးမြို့နယ်တွင် မိသားစုရေး ပြဿနာနှင့်ပတ်သက်၍ မယားပါသားဖြစ်သူက ပထွေးဖြစ်သူကို ညအချိန်တွင် ဓားဖြင့်ခုတ်သတ်၍ သေဆုံးသူ၏ အလောင်းကို ဖျောက်ဖျက်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းနှင့် ပတ်သက်၍ တမူးဒေသခံ ရဲတပ်ဖွဲ့ဝင်များက ဖြစ်နိုင် ချေရှိသော နေရာအရပ်များတွင် ဒေသခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စောင့်ကြပ်သတင်းရယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ သတင်းရယူနေစဉ်တွင် ဖေဖော်ဝါရီ ၇ရက် ညနေ ၆ နာရီအချိန်တွင် ဆရာစံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင် ဆိုသူထံ ၎င်း မိတ်ဆွေတစ်ဦးက အဆိုပါ သတင်းနှင့်ပတ်သက်၍ ဆက်သွယ် ပြောကြား လာသည့် အတွက် ရဲဌာနက မှတ်တမ်းများရယူခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ရာတွင် သေဆုံးသူကို ဖျောက်ဖျက်ထားသည့် အလောင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖျောက်ဖျက်ခြင်း ခံထားရသော သေဆုံးသူသည် တမူးမြို့နယ် မန်မော်ကျေးရွာနေ ဦးတင်ထွန်းနိုင် အသက်(၅၃)နှစ် ဆိုသူ ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက် ည ၉ နာရီ အချိန်က ဆလိုင်းဘက်ကွင်းရှိ နွားတဲအနီးတွင် မယားပါသားဖြစ်သူ ကိုဖိုးချင်း(ခ) အောင်ဇော်ဦး အသက်(၂၃)နှစ်ဆိုသူမှ ဓားဖြင့်ခုတ်သတ်ခံခဲ့ရပြီး နောင်ကွန်းလယ်ကွင်းရှိခုတ်လှဲထားသည့် ထာက်ကြံ့ပင်အောက်တွင် မြေမြုပ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပထွေးဖြစ်သူကို ခုတ်သတ်၍ အလောင်းအား ဖျောက်ဖျက်ပစ်ခဲ့သူအပေါ် ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန် တမူးမြို့မရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၁/ ၂ဝ၁၄ (ပ) ၁၄/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂/ ၂ဝ၁ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိသည်။

No comments: