Thursday, February 20, 2014

ဖွဲ့စည်းပုံ ပြင်ဆင်သည့် ဥပဒေပြုရန် ဦးရွှေမန်း ညွှန်ကြားချက်ထုတ်

မင်းမင်း

ပြောင်းလဲပြင်ဆင်သင့်သည်ဟု အများစုက ထောက်ပြဝေဖန်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်သင့်သည့် အချက်များကို ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၁၈ ရက်တွင် ညွှန်ကြားလိုက်သည်။

“၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ခြောက်လအလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေ ပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန်” ဟု သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသို့ လုပ် ငန်းဆိုင်ရာ အခြေခံမူအဖြစ် ဆောင်ရွက်ရန် စာဖြင့် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် ပြည်ထောင်စု လွှတ်တော်အမတ် ၃၁ ဦးဖြင့် ယခုလ (၃) ရက်က ဖွဲ့စည်းထားပြီး ယင်းကော်မတီသည် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာပါ အချက်များကို ပြန်လည်စိစစ်ရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင်ဖြစ်သည့် အမျိုးသားလွှတ် တော်အမတ် ဦးအောင်ကြည်ညွန့်က “ဒီအခြေခံမူတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချဉ်းကပ်ပုံ မှန် တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

“ညွှန်ကြားစာကို ပြည်ထောင်စု လွှတ်တော်အမတ်များကိုလည်း ဖြန်ဝေခဲ့ပြီး အဘက်ဘက်က လေ့လာ သုံးသပ်ပြီး ကော်မတီက လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင် အဆင်ပြေစေရေးအတွက် လုပ်ငန်း ဆိုင်ရာ အခြေခံမူအဖြစ် သုံးသပ်ဆောင်ရွက်နိုင်ရန်” ဟု သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်တွင် ကြေညာခဲ့သည်။

ကော်မတီ၏ လုပ်ငန်းအခြေခံမူတွင် အခြေခံဥပဒေ အခန်း ၁၂ ပါ အချက်များကို ဆောလျင်စွာ သုံးသပ် ရန်ဟု သူရဦးရွှေမန်းက ညွှန်ကြားထားသည်။ အခန်း ၁၂ ပုဒ်မ ၄၃၆(က)တွင် “ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံသဘောတူရမည်ဖြစ်ပြီး ယင်း နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက် ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။

ကော်မတီသည် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုအတွက် အထောက်အကူပြုရေးနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများနှင့်ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ရာတွင် ပြည်သူများရွေးချယ်ထား သည့် ကိုယ်စားလှယ်များကိုသာ ခန့်အပ်ရေးတို့ကို ထည့်သွင်း စဉ်းစားရမည်ဟုလည်း သူရဦးရွှေမန်းက ညွှန်ကြားထားသည်။

ယင်းအပြင် လက်ရှိအခြေခံဥပဒေတွင် ပါဝင်နေသည့် တပ်မတော်၏ အခန်းကဏ္ဍကိုလည်း ပြန်လည်သုံး သပ်ရန် ညွှန်ကြားစာတွင် ရေးသားထားသည်။

အဆိုပါ ညွှန်ကြားစာထုတ်သည့်နေ့နှင့် တိုက်ဆိုင်စွာပင် အကောင်အထည်ဖော်မှုကော်မတီက အစည်း အဝေးပြုလုပ်ခဲ့ရာ ညွှန်ကြားချက်ပါ လုပ်ငန်း အခြေခံမူများကို သဘောတူသည်ဟု ကော်မတီဝင်များက အတည်ပြု ပြောဆိုသည်။

ယင်းကော်မတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး၊ ဒု-ဗိုလ်မှူးကြီးနှင့် အထက်အဆင့် တပ်မတော်သား ကိုယ်စား လှယ်ခုနစ်ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က နှစ်ဦး အပါအ၀င် စုစုပေါင်း ၃၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မတီဥက်္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း၊ အတွင်းရေးမှူးအဖြစ် ဦးအေးမောက်တို့က ဆောင်ရွက်သည်။

No comments: