Saturday, February 8, 2014

ပင်လယ်ဘူးတွင် မီးလောင်ဒဏ်ရာနှင့် အလောင်းတွေ့

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာနှင့် မိချောင်းအင်းကျေးရွာအကြားတွင် ယခုလ ၃ ရက် ညနေ ၅ နာရီခွဲအချိန်က မီးလောင်၍ သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ထို့ကြောင့် မီးလောင်၍ လူသေဆုံးနေသည့် အရပ်သို့ ပင်လယ်ဘူးမြို့မရဲစခန်းမှ ဒု-ရဲအုပ် မျိုးမြင့်အောင် နှင့်အဖွဲ့က သွားရောက်စိစစ်ခဲ့ရာတွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းဒဏ်ရာများဖြင့် သေဆုံးနေ သူမှာ ကင်းပန်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာ မိချောင်အင်းကျေးရွာအကြားရှိဆပ်သွားချောင်း ဥယျာဉ် တွင် နေထိုင်သူ ကိုရွှေသိန်း အသက်(၄၆) နှစ်ဆိုသူဖြစ်ကြောင်း ရဲဌာန၏စစ်ဆေးမှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ကောက်ရိုးပုံအား မီးရှို့စဉ် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲဌာနက ခန့်မှန်းထားသော် လည်း ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ပင်လယ်ဘူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးစာ ထင်မြင်ချက်များရရှိရန် ပင်လယ်ဘူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

၂၀၁၃ ခုနှစ် မေလပိုင်းကလည်း မုံရွာမြို့နယ်၊ မင်္ဂလာကုန်းကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးနှင့် ယခု နှစ် ဇန်န၀ါရီ ၇ ရက် ညနေ ၇ နာရီခွဲအချိန်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်တောတစ်နေရာတွင် မီးလောင်ကျွမ်းထားသည့် ကောက်ရိုးပုံ အတွင်းမှ လူသေအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ရသေးသည်။

No comments: