Wednesday, February 19, 2014

ပြိုင်ကားငါးစီးက တက္ကစီကိုပိတ်ဆို့ပြီး ၀ိုင်းရိုက်

ဇော်ဇော်ထွေး

တပ်မတော်မှ တပ်ခွဲတပ်ကြပ်ကြီး တစ်ဦး၏သားအပါအ၀င် အမျိုးသားသုံးဦး ငှားရမ်းစီးနင်းလာသည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးတို့က ပိတ်ဆို့ရပ်တန့်ပြီး သံတုတ်များနှင့် ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီကျော်က ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သဖြင့် အမှုဖွင့်တိုင်တန်းထား သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အမှုမှာ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ကိုသက်ဇင်ဝင်း (၂၅)နှစ်သည် ၎င်းမောင်းနှင်သည့် စူပါရု၊ ဗင်အဖြူရောင် (လိုင်စင်ရှိ) အငှားယာဉ်ဖြင့် အမျိုးသားသုံးဦးကို မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် (၁၅)လမ်းသို့ ပို့ဆောင် ရန် ပြည်လမ်းအတိုင်း မောင်းနှင်ခဲ့ပြီးနောက် (၇)မိုင် ကားမှတ်တိုင်အနီးအရောက် ယာဘက်ပလက် ဖောင်းဘေး ကပ်လျက်ယာဉ်ကြောတွင် ရပ်ထားသည့် ဟွန်ဒါစီဗစ် (နံပါတ်မမှတ်မိ) ယာဉ်အား ကျော်တက် မောင်းနှင်ခဲ့ရာ (၆)မိုင်ခွဲ မှတ်တိုင်အနီးအရောက်တွင် ပြိုင်ကားတစ်စီး (နံပါတ်မမှတ်မိ) ယာဉ်တစ်စီးက ကျော်တက်လာပြီး ရှေ့မှပိတ်ရပ်ခဲ့သည်ဟု တရားလိုဖြစ်သူ ကိုသက်ဇင်ဝင်းက အမှုဖွင့်ရာတွင် ပြောပြထား သည်။

ထို့ကြောင့် ပြန်လည်ကျော်တက်ခဲ့ပြီး မောင်းနှင်နေစဉ် အခြားပြိုင်ကားတစ်စီးက ထပ်မံကျော်တက် ပိတ် ရပ်ခဲ့သဖြင့် ထပ်မံကျော်တက်မောင်းနှင်ရန်ပြုစဉ် ဟွန်ဒါစီဗစ် (နံပါတ်မမှတ်မိ) ယာဉ်မှဘေးမှ ပိတ်ရပ်ခဲ့သည်။

ယင်းနောက် ယာဉ်မှာ မောင်းမရတော့သဖြင့် ရပ်ထားစဉ် အဆိုပါကားသုံးစီးနှင့် နောက်မှရောက်လာသည့် ကားနှစ်စီး စုစုပေါင်း ကားငါးစီးမှ ၀န်းရံပိတ်ဆို့ခဲ့သဖြင့် တရားလိုမှာ ကားပေါ်မှဆင်းပြီး တောင်းပန်ခဲ့ သည်ဟု ဆိုထားသည်။

သို့သော်လည်း အဆိုပါ ကားများပေါ်မှ အသက် (၂၀) ၀န်းကျင်ခန့်ရှိ အမျိုးသားငါးဦး (စုံစမ်းဆဲ)တို့မှာ ဘေ့စ်ဘောတုတ်များ ကိုင်ဆောင်ဆင်းလာပြီး တစ်ဦးက တက္ကစီယာဉ်မောင်း ကိုသက်ဇင်ဝင်းအား ရိုက်နှက်ပြီး ကျန်လေးဦးက ကားအားဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးကာ ၎င်းတို့၏ကားများဖြင့် မောင်းနှင် ထွက်ပြေးခဲ့သည်။

အခင်းဖြစ်စဉ်တွင် အငှားယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားနှစ်ဦးမှာ ထွက်ပြေးသဖြင့် လွတ်မြောက်သွားခဲ့သည်ဟုလည်း တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

သို့သော် ပြိုင်ကားမောင်းနှင်သူများ၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တရားလိုတွင် ယာပခုံး အရေးပြားပွန်း စုတ်၊ ဦးခေါင်းယာဘက်နှင့် ၀ဲဘက်ခုံ နာကျင်ဒဏ်ရာရရှိခဲ့ပြီး ခရီးသည်ကိုအင်ထိတ်ကြန့် (၂၆)နှစ်၊ (ဘ) တပ်ခွဲတပ်ကြပ်ကြီး လမ်ဒိုခမ်း (အမှတ်(၁)စစ်ဆေးရုံ၊ မင်္ဂလာဒုံ)၊ ကျိုက္ကလဲ့တပ်နယ်(ခ) လိုင်းခန်းတွင် နေထိုင်သူသည် ၀ဲပေါင်နှင့် ၀ဲတံတောင်ဆစ်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့်ပင် ဒဏ်ရာရရှိသူ နှစ်ဦးလုံးမှာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ကုသခဲ့ရသည်။

ထို့ပြင် ပြိုင်ကားသမားများ၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီယာဉ်မှာလည်း ရှေ့ဘောနက်၊ ၀ဲပါးခြမ်း၊ ၀ဲ/ယာရှေ့တံခါး၊ နောက်ဖုံးများ ပိန်ချိုင့်၊ ရှေ့လေကာမှန်၊ နောက်လေကာမှန်ကွဲ၊ နောက်ခန်း ၀ဲ/ယာ တံခါး မှန်၊ ယာနောက်ကြည့်မှန်တို့ ကွဲအက်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်ကိုးသိန်းခန့်ထိ ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့်ပင် မတရားတားဆီးကာ နာကျင်ဒဏ်ရာ ရရှိစေရန်နှင့် အကျိုးပျက်စီးစေရန် ၀ိုင်းဝန်းရိုက်နှက် ခဲ့သည့် ပြိုင်ကားမောင်းနှင်သူ ငါးဦးကို အရေးယူပေးရန် ကိုသက်ဇင်ဝင်းက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်မြို့နယ် ရဲစခန်းက (ပ)၇၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၄၀/၃၂၅/ ၄၂၇/ ၁၁၄ တို့ ဖြင့် အရေးယူရန် ဒု-စခန်းမှူးဖြစ်သူ ရဲအုပ်မြင့်ဇော်ဦးက စုံးစမ်းဖော်ထုတ်လျက်ရှိသည်။

No comments: