Sunday, February 23, 2014

ထုတ်ကုန်သွင်းကုန်လိုင်စင်ရုံး ဖွင့်လှစ်မည်

ဖြိုး

၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့၌ ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီ များအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးမည့်ရုံး ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေး တိုင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တိုင်းဦးစီး မှူးဦးမျိုးသူက မဇိ္စုမကို ပြောသည်။

“ထုတ်ကုန်သွင်းကုန်လိုင်စင်ကို နေပြည်တော်ဝန်ကြီးရုံးမှာ အဓိက ထုတ်ပေးတာပေါ့။ ဒါပေမဲ့ အခုလာ မယ့် ဘဏ္ဍာနှစ်ထဲမှာ မန္တလေးမှာတင် လိုင်စင်ထုတ်ပေးဖို့ကိစ္စ စီစဉ်နေပြီ။ အမျိုးသားစီမံကိန်းဦးစီးဌာန ကလည်း ကုမ္ပဏီထူထောင်နိုင်ဖို့အထိ လုပ်ပေးမယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)၏ တောင်းဆိုချက်အပြင် မန္တလေးသည် စီးပွားရေးတွင် အချက်အချာကျလာမည့် မြို့တစ်မြို့ဖြစ်သောကြောင့် ဖွင့်လှစ်ရခြင်း ဖြစ် သည်။ ၎င်းရုံးကို မန္တလေးတိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံး သူအကာအကွယ်ပေးရေး ဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။

မန္တလေးမြို့မှ ကုန်သည်လုပ်ငန်းရှင်များအတွက် ထုတ်ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူစွာ ဆောင် ရွက်လာနိုင်မည်ဖြစ်ပြီး မူဆယ်လမ်းကြောင်းနှင့် ကလေး-တမူးလမ်းကြောင်းတို့အတွက်လည်း ရည်ရွယ် ချက်ထားရှိကာ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပို့ကုန်၊သွင်းကုန် လုပ်ငန်းလိုင်စင်ဆောင်ရွက်ပေးသည့် ရုံးနှစ်ရုံးရှိပြီး ယင်းတို့မှာ နေပြည် တော်(ရုံးချုပ်)နှင့် ရန်ကုန်မြို့တို့တွင် တည်ရှိသည်။

ထို့အပြင် မန္တလေးမြို့တွင် နယ်စပ်များ၌ ပေးလျက်ရှိသည့် တစ်ပိုင်တစ်နိုင် ကုန်သွယ်ခွင့်ကတ်(ITC)များ ကိုလည်း လာမည့်ဘဏ္ဍာနှစ်တွင် ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်သွယ် ခွင့်ကတ်ဖြင့် တစ်ပတ်လျှင် သိန်းတစ်ရာတန်ဖိုးခန့် ကုန်သွယ်ခွင့်ရှိကြောင်း ၎င်းဌာနထံမှ သိရသည်။

No comments: