ကေဇူး
အလုပ်သမားဦးဆောင်၍ ဖွဲ့စည်းထားသည့် သမဂ္ဂများကို ဖြိုခွဲလိုသောရည်ရွယ်ချက်ဖြင့် အလုပ်ထုတ်နေခြင်းများ ပိုမိုများပြားလာသည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့များဥက္ကဌ ဦးအောင်လင်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောကြားသည်။
လက်မှုအနုပညာအခြေခံ အလုပ်သမားအဖွဲ့ အလုပ်မှုဆောင် အဖွဲ့ဝင် ၆ ဦးကို မြန်မာဟေမာန် ကုမ္မဏီက အလုပ်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို တာမွေမြို့နယ်၊ မဂ္ဂလမ်းရှိ အလုပ်သမားအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မဇ္ဈိမ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
“အစိုးရက လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုတယ်။ ဖွဲ့ပြီးတဲ့အခါ ကုမ္ပဏီတွေက အလုပ်သမားအဖွဲ့စည်းခေါင်းဆောင်တွေကို နည်းမျိုးစုံနဲ့ အလုပ်ထုတ်နေတဲ့အတွက် အဖွဲ့များစွာပြိုကွဲသွားရပြီး ကျွန်တော်တို့ အနေနဲ့ စစ်တမ်းကောက်ဖို့လိုအပ်နေပြီ" ဟု ဦးနေလင်းက ဆိုသည်။
လက်ရှိတွင် အလုပ်သမားအဖွဲ့အစည်းအဖြစ်ဖွဲ့စည်းခွင့် မှတ်ပုံတင်ကျပြီးသည့် အဖွဲ့ပေါင်း ၉၂၁ ဖွဲ့ရှိသည်။ အကြောင်း အမျိုးမျိုးကြောင့် အလုပ်ထုတ်ခံရသူအများစုမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ၏ ခေါင်းဆောင်များဖြစ်သည်ဟု သူကဆိုသည်။
“အလုပ်သမား သမဂ္ဂတွေ ပြိုကွဲရင်အလုပ်သမားအခွင့်အရေးတွေ အတွက် တောင်းဆိုလို့ မရတော့ဘူး။ ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲနေ တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အလုပ်သမားတွေအားလုံး ပူးပေါင်းပြီး တွန်လှန်နိုင်ဖို့လိုပါတယ်”ဟု ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂအဖွဲ့ ကိုအောင်ကိုဦးက ပြောသည်။
လက်ရှိတွင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေစဉ် ခေါင်းဆောင်လှုပ်ရှားသူများ အလုပ်ထုတ်ခံရသည့် အဖွဲ့အစည်းမဖွဲ့ဖြစ်သည့် အဖြစ်အပျက် ၅ ခု၊ သမဂ္ဂဖွဲ့စည်းပြီးမှ အလုပ်ထုတ်ခံရသည့် အဖွဲ့ ၇ ခုနှင့် သမဂ္ဂတစ်ခုလုံးကို အလုပ်မှ ထုတ်ပယ်လိုက်သည့် အဖြစ်အပျက် ၁၅ ခုရှိကာ အလုပ်သမားသမဂ္ဂများဖြိုခွဲခံရမှု စုစုပေါင်း ၃ဝ ကျော်ဖြစ်ပေါ်ခဲ့သည်ဟု ဒဂုံဆိပ်ကမ်းအလုပ်သမားသမဂ္ဂက အင်အားစုများအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ (ယာယီ)၏ ကောက်ယူ ထားသောစစ်တမ်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အတွင်းက လုပ်ခလစာနည်းပါးမှုကြောင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှု ၄၁ မှု ရှိပြီး မြို့နယ်အဆင့် တွင်မူ အမှု ၁ဝဝဝ ဖြစ်ပွားခဲ့သည်ဟု အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ စားရင်းများတွင်ဖော်ပြ ထားသည်။
အလုပ်သမားဥပဒေ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် အလုပ်သမားရေးဆန္ဒထုတ်ဖော်မှုများ အငြင်းပွားများလျော့နည်းသွားသော်လည်း အလုပ်သမားများထုတ်ပယ်ခြင်းအတွက် ဆန္ဒထုတ်ဖော်မှုများထပ်မံဖြစ်ပွားခဲ့သည်။
No comments:
Post a Comment