KNG
လာမည့် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်မျိုးနွယ်စု များအနေဖြင့် လူမျိုးနေရာတွင် ကချင် 101 အဖြစ် ထည့်သွင်းသွားကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန္နဝါရီလ ၂၀ ရက် နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်အသီးသီးတို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အသင်းတော်အသီးသီးတိုင်းသည် ကချင် 101 တွင် ထည့်သွင်းသွားရန် သဘောတူညီကြကြောင်း သိရှိရသည်။
“အရေးကြီးရင်တော့ KBC ကနေ တိုက်ရိုက် အသင်းတော်တွေမှာ ကြေညာတယ် ပြည်တွင်း ပြည်ပအားလုံးမှာ ကြေညာတယ် အင်တာနက်ကနေလည်းကြေညာတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ကချင်သတင်းဌာနသို့ ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် မျိုးနွယ်စု ၆ ခုပါဝင်သော ကချင် မျိုးနွယ်စုများအတွင်း လူမျိုး နာမည် ၁၂ မျိုးဖြင့် ကောက်ယူမည် ဖြစ်သဖြင့် လူမျိုးစုအရေအတွက်များ ကွဲပြားသွားနိုင်သည့် အလားအလာ ရှိသဖြင့် ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
လူမျိုးစု အမည်များ သတ်မှတ်ခြင်း နှင့် ပတ်သက်၍ ကချင် နိုင်ငံရေး အဖွဲ့အစည်းများကလည်း ဝေဖန်ထောက်ပြထားကြသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် လော်ဝေါ်၊ လီဆူ၊ အဇီး (ဇိုင်ဝါး)၊ ရဝမ်၊ ဂျိန်းဖော့၊ လရှီ (လချိတ်) လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နှစ်ခြင်းအသင်းတော်ဖြစ်ခြင်းကြောင့် သာသနာဆရာများ ပေးထားသည့် “ကချင်” ဟုသည့် နာမည် တွင်ထည့်သွင်းသွားရန် ကြေညာခြင်း ဖြစ်သည်။
ကမ္ဘာနှင့် မြန်မာတွင်ဆက်သွယ်ရာတွင်လည်း “ကချင်” ဟုသာ သိနေကြသဖြင့် အားလုံးက “ကချင်” လူမျိုးအဖြစ်သာ ထည့်သွင်းရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ တွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် KIO မှကြီးမှူး၍ ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
KBC နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တွင် အသင်းတော်ပေါင်း ၃၁၀ ရှိပြီး အသင်းသားပေါင်း ၃သိန်း ၈ သောင်း ၆ ထောင် ကျော်ရှိကာ ယခုချိန်တွင် ပြည်တွင်းစစ်ကြောင့် လူဦးရေ ၆ သောင်းကျော်မှာ KIO ထိန်းချုပ်နယ်မြေတွင် ခိုလှုံလျက် ရှိသည်။
၂၀၁၁ ခုနှစ်မှ ပြန်လည် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ဆမားဇုံနယ်နှင့် ရှမ်းပြည်ရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်း ၆၄ ကျောင်း ပျက်ဆီးသွားခဲ့ရသည်။

No comments:
Post a Comment