ဖနိဒါ
သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းချင်စိတ်မရှိဟု ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ လညော်ဇောင်းဟရားက ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်သည့် ကချင့်တော် လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်း ဝေဖန်ပြောကြားလိုက်သည်။
“အစိုးရက ပြည်တွင်းစစ်ကို နိုင်ငံရေးအရဖြေရှင်းချင်တဲ့စိတ် မရှိသေးဘူးဆိုတာကို ကောင်းကောင်းတွေ့ မြင်နေတယ်။ ဒါပေမဲ့ အဲဒီစိတ်ဓာတ်ပေါ်လစီကို ပြောင်းလဲလာအောင် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ ဆက်ကြိုးပမ်းနေပါတယ်”ဟု ကေအိုင်အိုဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။
ဖေဖော်ဝါရီ ၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်နှစ်ခြင်းအသင်းတော်နှင့် KIA စစ်မှုထမ်းဟောင်းများ ဦးဆောင်၍ ကျင်းပသော ကချင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကေအိုင်အိုဥက္ကဋ္ဌ၏ သ၀ဏ်လွှာ အား ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
၅၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့သည် အစိုးရနှင့် ကေအိုင်အိုတပ်များအကြား တိုက်ပွဲဖြစ်ပွားနေ သဖြင့် ကချင်အမျိုးသားတိုင်း၏စိတ်ထဲတွင် တော်လှန်ရေးစိတ်ဓာတ် ပိုမိုရှိနေသည်ဟုလည်း အခမ်းအ နားတက်ရောက်ခဲ့သူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ဗိုလ် မှူးကြီးဂျီးနောင်က မဇ္ဈိမကို ပြောသည်။
“ဒီတော်လှန်ရေးစခဲ့တာကို အားယူကြဖို့၊ သတိရနေဖို့၊ အရင်တုန်းက သမိုင်းမသိကြဘူး။ ခုလို အထိမ်း အမှတ်နေ့မှာ ဥပမာ ဒီမနက် ပညာရှင်တစ်ဦး ပင်လုံဖြစ်လာပုံ ပြောပြတယ်။ တော်လှန်ရေးနေ့ ဖြစ်ပေါ် လာပုံတွေကိုသိရတော့ သမိုင်းက မပျောက်သွားဘူး။ ဒါတွေက ကျွန်တော်တို့အတွက် ရေရှည်တည်တံ့ မယ်”ဟု ပြောသည်။
ထိုအခမ်းအနားသို့ ကေအိုင်အို၏ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လ တက်ရောက်ခဲ့သလို၊ ကချင်လူထု ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ခရစ်ယာန်ဘာသာဖြင့် ဆုတောင်းဝတ်ပြုခြင်း၊ ကေအိုင်အို ဥက္ကဋ္ဌ၏ မိန့်ခွန်းဖတ်ကြားခြင်းများ ပြုလုပ်ပြီး ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်ကို ဒေါက်တာမရန် လရော်က ရှင်းပြခဲ့သည်။
ကေအိုင်အိုဥက္ကဋ္ဌ၏ မိန့်ခွန်းလွှာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရဘက်က စစ်ဆင်မှုရပ်ဆိုင်းရန် တိုက်တွန်းထားသည်။ အပစ်အခတ်ရပ်စဲပြီးနောက် တိုင်းရင်းသား အဖွဲ့အစည်းများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ သွတ်သွင်းနေမှုကို သတိရှိကြရန်လည်း မိန့်ခွန်းတွင် ပါရှိသည်။
မတ်လ ၃၀ ရက်မှာ စတင်ကောက်ခံမည့် သန်းခေါင်စာရင်းကောက်ခံမှုတွင်လည်း ၀ုန်ပေါင် (ကချင်) ဆို သော အမည်နာမ ပျောက်သွားစေရန် အစိုးရက ကြိုးပမ်းနေသဖြင့် ထိုသန်းခေါင်စာရင်းတွင် (ကချင်)ဟူ သောအမည်ကိုသာ ထည့်ကြရန်လည်း တိုက်တွန်းထားသည်။ ကချင် စစ်ပြေးဒုက္ခသည်များကိုလည်း လက်ရှိ ဒုက္ခခံနေရသော်လည်း သည်းခံစိတ်ရှည်စွာ နေထိုင်ကြရန်၊ ထိုသူတို့၏ နစ်နာဆုံးရှုံးမှုများသည် လည်း ကချင်တော်လှန်ရေးတွင် အရင်းအနှီး ထည့်သွင်းထားသည်ဟု ဆိုသည်။
၅၄ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ ဌာနချုပ်၊ မြစ် ကြီးနား၊ မူဆယ် စသည့် နေရာအနှံ့ အခမ်းအနား ကျင်းပခဲ့သည်။ အလားတူ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်နိုင်ငံများ အပါအ၀င် နိုင်ငံအများအပြားတွင် ကချင်တိုင်းရင်းသားများက အခမ်းအနားတွင် အဆိုပါ ကေအိုင်အိုဥက္ကဋ္ဌ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
ကချင်တော်လှန်ရေးတပ်မတော် KIA ကို ၁၉၅၇ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားခုနစ်ဦးက စတင် ဖွဲ့စည်းခဲ့ပြီး ထိုကျောင်းသားခုနစ်ဦးကို Seven Stars ဟု ခေါ်ဆိုပြီး ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် လားရှိုးမြို့မှာ KIO ဟု စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် တော်လှန် ရေး စတင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment