ABC
မြန်မာနိုင်ငံကို သုံးရက်ကြာ လည်ပတ်နေတဲ့ ဂျာမနီနိုင်ငံ သမ္မတဟာ မနေ့တုန်းက သမ္မတ ဦးသိန်းစိန်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ နေပြည်တော်မှာ သီးသန့်စီ တွေ့ဆုံခဲ့ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ကို မနေ့အစောပိုင်းမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဂျာမနီနိုင်ငံအပေါ် တင်ထားတဲ့ ကြွေးမှီဒေါ်လာ သန်းတစ်ထောင်ကျော်ထဲက သန်း ၅၀၀ ကို လျှော်ပေးလိုက်ကြောင်း သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးလိုတဲ့အတွက် ခုလို အကြွေးတစ်ဝက် လျှော်ပေးလိုက်တာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ အကြွေးတွေကိုတော့ အတိုးနှုန်း ၃ ရာခိုင်နှုန်းနဲ့ ၁၅ နှစ်အတွင်း ပြန်ဆပ်ဖို့ မြန်မာဖက်ကလည်း သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ဂျာမနီနိုင်ငံ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအတွင်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအကြောင်း အဓိကဆွေးနွေးခဲ့ပြီး မြန်မာအစိုးရရဲ့အမြင်၊ သမ္မတရဲ့ အမြင်သာမက အတိုက်အခံပါတီနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားကိုလည်း နားထောင်ဖို့ အရေးကြီးတယ်လို့ ဂျာမနီ နိုင်ငံသမ္မတက ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အနိမ့်အမြင့်တွေ ကြုံခဲ့ရတဲ့နိုင်ငံ နောက်ပိုင်းမှာ အောင်မြင်မှုရတဲ့ နိုင်ငံတစ်နိုင်ငံက ခေါင်းဆောင်နဲ့ တွေ့ဆုံခွင့်ရတာကို ဝမ်းသာတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။
ဂျာမနီနိုင်ငံသမ္မတဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒီကနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment