Friday, February 7, 2014

လာမည့်ရှစ်လအကြာတွင် တယ်လီနောက မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ စတင်ရောင်းချမည်

စ,ချိုကို

ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီက မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးရာတွင် လိုင်းပေါင်းသန်း ၃၀ ကနဦး စတင်ရောင်းချသွားရန် ပြင်ဆင်ထားသည်ဟု Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော် သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

Mr. Petter Furberge က “လိုင်စင်ရပြီး ရှစ်လအကြာမှာ မိုဘိုင်းဆင်းမ်ကတ်တွေ စတင်ပေးနိုင်မှာဖြစ်ပါ တယ်။ ဆင်းမ်ကတ်တွေ စတင်ချထားပေးတဲ့အခါမှာ ပထမအဆင့်အနေနဲ့ မိုဘိုင်းလိုင်းပေါင်း သန်း ၃၀ အထိကို စတင်ချပေးသွားမှာပါ”ဟု ပြောသည်။

တယ်လီနောက ရောင်းချမည့်မိုဘိုင်းဖုန်းများတွင် ဂဏန်းအရေအတွက် ၁၀ လုံးအထိ ပါဝင်မည်ဖြစ်ပြီး ၀၉၅ နှင့် စသောနံပါတ်များဖြစ်သည်။

ထို့ပြင် အင်တာနက်ဝန်ဆောင်မှုပေးရာတွင်လည်း ကိုယ်ပိုင်အင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက်ကာ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “အင်တာနက်မြန်နှုန်းကိုလည်း အကောင်းဆုံးဖြစ်စေရမယ်လို့ အာမခံပါတယ်။ အင်တာနက်ဆက် ကြောင်းကိုလည်း ကိုယ်ပိုင်အင်တာနက်ဆက်ကြောင်းတည်ဆောက်ခွင့်အတွက် ဆက်သွယ်ရေးဆီက ခွင့်ပြုချက်ရထားတယ်။ အင်တာနက်အသုံးပြုခကိုလည်း ဒီမှာလို မိနစ်လိုက်ကောက်တာမျိုးထက် နိုင်ငံ တကာမှာလို ပုံစံအမျိုးမျိုး ရွေးချယ်အသုံးပြုနိုင်တဲ့စနစ်ပုံစံမျိုး ကောက်ခံသွားမှာပါ”ဟု ပြောသည်။

တယ်လီနော၏ အာရှဒေသဆိုင်ရာ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Sigve Brekke က “တယ်လီနောက လုပ်ငန်းလုပ်တဲ့အခါ သုံးနှစ်အတွင်း လိုင်စင်ကြေးနဲ့ အခြားစရိတ်တွေရဲ့အရင်းကြေနိုင်ဖို့ မျှော်လင့်ပါ တယ်။ နောက်ပိုင်း အကျိုးအမြတ်အတွက်ကတော့ သုံးစွဲသူရဲ့ ဈေးကွက်အလိုက် အကျိုးအမြတ်ရလာနိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

တယ်လီနောက မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ရာတွင် အခြားကုမ္ပဏီ များဖြစ်သော Hua-wei ၊ Ericsson နှင့် အိန်္ဒိယကုမ္ပဏီအခြေစိုက် VIOM ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ပြီး တာဝါတိုင်တည်ဆောက်ရေးအတွက် စင်ကာပူနိုင်ငံအခြေစိုက် Appolo Towerကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ပြည်ပအော်ပရေတာနှစ်ခုဖြစ်သော အူရီးဒူးနှင့် တယ်လီနောကို ဇန်န၀ါရီ ၃၀ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေတာတစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဆောင်ရမည်ဖြစ် သည်။

No comments: