ဝင်းကိုကိုလတ်၊ အောင်သူရထွန်း
“မြန်မာနိုင်ငံတွင် ငါးနှစ်အောက်ကလေးများ သေဆုံးမှု၏ ထက်ဝက်ကျော်သည် အာဟာရချို့တဲ့ခြင်း နောက်ခံရှိပြီး တိုင်းပြည်ဂျီဒီပီကို နှစ်စဉ် သုံးရာခိုင်နှုန်း လျော့ကျစေပါသည်”ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပနေသည့် အာဟာရမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပထမရက်တွင် ၀န်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“အာဟာရချို့တဲ့မှုကို ကျော်လွှားနိုင်ပါက လူတစ်ဦးချင်းဟာ အလုပ်လုပ်နိုင်တဲ့အရွယ်မှာ ၀င်ငွေ ၄၆ ရာခိုင်နှုန်း၊ ဘ၀တစ်လျှောက်လုံးအတွက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းခန့် ၀င်ငွေတိုးအောင် ရှာဖွေနိုင်မှာ ဖြစ် ပါတယ်”ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ၏ လေ့လာချက်များအရ မြန်မာနိုင်ငံတွင် ငါးနှစ်အရွယ်ကလေးငယ် စုစုပေါင်း၏ သုံးပုံတစ်ပုံ ခန့်သည် ကြီးထွားနှုန်း နှေးကွေးလျက်ရှိနေသည်ဟု ဆိုသည်။
အာဟာရဖွံ့ဖြိုးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်လျက်ရှိပြီး အာဟာရဖွံ့ဖြိုးရန် တစ်ဆ ရင်း နှီးမြှုပ်နှံတိုင်း ၁၆ ဆခန့်အကျိုးကျေးဇူးပြန်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်ဟု ကျန်း မာရေးဝန်ကြီးက သုံးသပ်ပြောဆိုသည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Bertrand Bainvel က လည်း “အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံဟာ အာဟာရချို့တဲ့မှုနှုန်း တတိယအမြင့်ဆုံး နိုင်ငံဖြစ် ပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောနိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံဟာ အာဟာရချို့တဲ့မှု အမြင့်ဆုံးနိုင်ငံ ပါ”ဟု နေပြည်တော်တွင်ကျင်းပခဲ့သည့် ၀န်ကြီးဌာနများနှင့် ကုလသမဂ္ဂအေဂျင်စီများ အစည်းအဝေးတွင် ပြောဆိုထားသည်။
ယခုအစိုးရလက်ထက်တွင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ ကျပ်သန်းပေါင်း တစ်သောင်းကျော်ဖိုးခန့် အာ ဟာရဆေးများ ၀ယ်ယူတိုက်ကျွေးနိုင်ခဲ့ပြီး၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အာဟာရလုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန် ကျပ်သန်းပေါင်း ၅,၀၀၀ ခန့်လျာထားသည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ အာဟာရပညာရှင် ဒေါက်တာကျော်ဝင်းစိန်က အာဟာရ ချို့တဲ့မှုပြဿနာငါးရပ်တွင် လတ်တလောနှင့် ရေရှည် အာဟာရချို့တဲ့မှု၊ အိုင်အိုဒင်းချို့တဲ့မှု၊ ဗီတာမင် ဘီဝမ်းချို့တဲ့မှု၊ သွေးအားနည်းမှု၊ ဗီတာမင်အေချို့တဲ့မှု စသည်တို့ဖြစ်သည်ဟု ပြောသည်။
အမျိုးသားအာဟာရနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမေခင် သန်းက “အာဟာရပြည့်ဖို့ဆိုတာ တော်တော်စားရမယ်။ ကျွန်မတို့နိုင်ငံမှာ အသားစားတာနည်းနေတယ်။ လိုအပ်ချက်မပြည့်ဘူး။ နွားနို့သောက်တာ နည်းတယ်။ ထုံးဓာတ်ကို ငါးပိရည်ကတစ်ဆင့်ပဲ ရနေတယ်” ဟု ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံတွင် ၁၉၅၀ ခန့်မှစ၍ အကူအညီများ စတင် ပေးအပ်ခဲ့သော်လည်း မွေးဖွားသည်မှ ခြောက်လအရွယ်အထိ မိခင်နို့တိုက်ကျွေးရေး ပညာပေးမှုတွင် ၂၃ ဒသမ ၆ ရာခိုင်နှုန်းသာ အောင်မြင်သေးသည်ဟု ဒေါက်တာကျော်ဝင်းစိန်က ပြောသည်။
မိခင်နို့တိုက်ကျွေးပါက ကလေးတစ်ရာလျှင် ၁၃ ယောက်၏အသက်ကို ကယ်တင်နိုင်ပြီး ဆေးစိမ်ခြင် ထောင် ပေးဝေပါက ကလေးတစ်ရာလျှင် ခုနစ်ယောက်၏အသက်ကိုသာ ကယ်တင်နိုင်သည်ဟု ဆို သည်။
No comments:
Post a Comment