ဂျွန်ချစ်ငြိမ်း
ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက ရှမ်းပြည်ခရီးစဉ်အတွင်း လူထုဟောပြောပွဲလုပ်ခွင့်မရခဲ့သည့် အဝေရာမီးပုံးပျံကွင်းကို ပြည်သူပိုင်းကွင်းအဖြစ် အသိမှတ်ပြု ၊မပြု သိရှိနိုင်ရန် ရှမ်းပြည်နယ် လွှတ်တော် အထိ တင်ပြတောင်းဆိုသွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်)မှ ကိုနေမျိုးက ဖေဖော်ဝါရီ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
တောင်ကြီးဒေသခံများက အဝေရာကွင်းကို ပြည်သူပိုင်ကွင်းဟုသာ ယူဆထားပြီး အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်လာရောက်မှသာ ဟောပြောခွင့်မရရှိဘဲ တပ်ပိုင်ကွင်းဟု သိခဲ့ရခြင်း ကြောင့် ယခုကဲ့သို့ လွှတ်တော်သို့ တင်ပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ပြည်သူတွေရဲ့ စိတ်ခံစားမှုတွေကို နားလည်ပေးပြီးတော့ ဦးဆောင်ပေးမယ့်သူမရှိလို့ ဥပဒေနည်းလမ်း အတိုင်း ဆောင်ရွက်ပေးမှာဖြစ်တယ် ပထမဆုံးအနေနဲ့ ကွင်းရဲ့ မြေယာရာဇ၀င်ကို လိုက်နေပါပြီ”ဟု ကို နေမျိုးက ပြောသည်။
ကွင်း၏ မြေယာရာဇ၀င်ကို လိုက်ရာတွင်လည်း မြို့နယ်စည်ပင်ရုံး၊ မြို့နယ် မြေစာရင်းရုံးတို့ထံတွင် ဒေါ် အောင်ဆန်းစုကြည်၏ ဟောပြောပွဲပြီး နောက်တစ်နေ့တွင် သွားရောက်တောင်းခံထားပြီး ယနေ့ထက်ထိ အကြောင်းပြန်စာ မရရှိသေးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်) မှ ကိုနေမျိုးက ပြောသည်။
ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်စိုးသူက “ကျွန်တော်တို့ တောင်ကြီးသူ၊ သားတွေအတွက် မြို့လယ်ခေါင် ကအစ ပြည်သူပိုင်ကွင်း အနားဖြေစရာနေရာလည်းမရှိပါဘူး။ သည်အဝေယာ မီးပုံးပျံကွင်းကတော့ ပြည် သူပိုင် ဖြစ်သင့်ပါတယ်”ဟု ပြောသည်။
ပြည်သူပိုင်ကွင်း ဖြစ်ရေးအတွက် လွှတ်တော်အထိ တင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး အကြောင်းမထူး လျှင် အခြားလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကိုနေမျိုးက ပြောသည်။
တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့်မရခဲ့သဖြင့် ကျောက်တစ် လုံးလမ်းပေါ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူလူထုအချို့က “အဝေရာမီးပုံပျံကွင်းကို စစ်တပ်ပိုင်ကွင်းအဖြစ် သတ်မှတ်တာကို လက်မခံပါ”ဟူသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ခဲ့ကြပြီး “မီးပုံးပျံကွင်း၊ ပြည်သူ့ကွင်း”ဆိုသည့် စတစ်ကာများကို ရင်ဘတ်တွင် တပ်ဆင်ကာ ဟောပြောပွဲ နားထောင်သူများလည်း ရှိခဲ့သည်။
အဝေရာ မီးပုံးပျံကွင်းသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကျောက်တစ်လုံးလမ်းဘေးတွင် တည်ရှိပြီး ယင်းမီးပုံးပျံကွင်းသို့ ပြိုင်ပွဲဝင်မီးပုံးပျံများ လွှတ်တင်သည်မှာ (၁၀)နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်က တန်ဆောင် တိုင်မီးပုံးပျံပြိုင်ပွဲကို စူဝဠာမုနိဘုရားခြေရင်းရှိ ကွင်းတွင် ကျင်းပခဲ့သည်။
No comments:
Post a Comment