Wednesday, February 5, 2014

လူ့အခွင့်အရေးလေးစားမှုနှင့် နိုင်ငံတကာစံနှုန်းအတိုင်း သန်းခေါင်စာရင်း ကောက်ယူမည်ဟု ဦးခင်ရီ ပြော

ဟင်္သာနီ(မွန်မြေ)

မတ်လတွင် မြန်မာတစ်နိုင်ငံလုံး ကောက်ယူမည့် သန်းခေါင်စာရင်းကို လူ့အခွင့်အရေးလေးစားလိုက်နာ ကာ နိုင်ငံတကာစံချိန်စံနှုန်းများအတိုင်း ကောက်ခံသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

“နိုင်ငံတကာစံနှုန်းများအတိုင်း လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေကို အခြေခံပြီးတော့ ပွင့်လင်းမြင် သာမှုရှိရှိနဲ့ ကောက်ခံသွားမယ်။ ခိုးကြောင်ခိုးဝှက် လုပ်လို့မရဘူး”ဟု ဇန်န၀ါရီလ ၃၁ ရက် တိုင်းရင်းမီဒီ ယာအဖွဲ့မှ သတင်းထောက်များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုသည် တိုင်းပြည်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်မည့် ကိန်းဂဏန်းများရရှိရန် ကောက်ယူခြင်းဖြစ်သည်ဟုလည်း ဦးခင် ရီက ပြောသည်။

“သန်းခေါင်စာရင်း ကောက်ရတာဟာ အခြေခံအချက်နှစ်ချက်ရှိတယ်။ ပထမက တိုင်းပြည်ရဲ့ လက်ရှိနဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်မယ့် ကိန်းဂဏန်းတွေ ရရှိဖို့၊ ဒုတိယအချက်က - ၂၀၁၁ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ဒီသန်းခေါင်စာရင်းကောက်ဖို့ အစိုးရဘက်ကသဘောထားရှိတယ်” ဟု ဦးခင်ရီက ဆိုသည်။

လာမည့်မတ်လ၌ ကောက်ယူမည့် သန်းခေါင်စာရင်းသည် ၁၉၈၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် နောက်ဆုံး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်ထက် လုပ်ငန်း နှစ်ဆ ပိုကြီးမည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညီညီ က ပြောသည်။

“နှစ်ပေါင်း ၃၀ကျော်ကြာပြီးမှ ပြန်ကောက်ရတာဖြစ်တယ်။ ဒီသန်းခေါင်စာရင်းကောက်ယူမှုမှာ ကျွန်တော် တို့မှန်းထားတာက လူဦးရေ သန်း ၅၀ နဲ့ ၆၀ကြား ရှိမယ်လို့ မှန်းထားတဲ့အတွက် ပြီးခဲ့တဲ့ ၁၉၈၃ ခုနှစ် စာ ရင်းရှိလူဦးရေထက်ကို လုပ်ငန်းနှစ်ဆလောက် ပိုကြီးပါတယ်”ဟု ပြောသည်။

ကောက်ခံသွားမည့် သန်းခေါင်စာရင်းတွင် ကျေးရွာအလိုက် အိမ်ထောင်ဦးစီးအမည်၊ ကျား၊ မ ပေါင်း လူ ဦးရေစာရင်းအား(ဆ-၂၀)ပုံစံဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး မေးခွန်းပေါင်း ၄၁ ချက် ပါမည်ဖြစ်သည်။

စာရင်းကောက်တစ်ဦး ၁၀ ရက်အတွင်း ကောက်ယူနိုင်မည့် အိမ်ထောင်စုအရေအတွက် ၇၀ ခန့်မှ ၁၅၀ ခန့်အတွင်း ကောက်ကွက်တစ်ကွက်အဖြစ် သတ်မှတ်သည်။ ကောက်ကွက်တစ်ကွက်လျှင် စာရင်း ကောက်တစ်ဦး ထားရှိသွားမည်ဖြစ်ကာ ကောက်ကွက် အများဆုံး ငါးကွက်လျှင် စာရင်းစစ်တစ်ဦး ထား ရှိမည် ဖြစ်သည်။

No comments: