သဇင်ဥ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က မြန်မာမှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော ရာပြားမူးယစ်ဆေးဝါး တာကာ ၃ ကုဋေ ၈၆၀၀၀၀၀ (မြန်မာကျပ် ကုဋေ ၄၀ ခန့်) တန်ဖိုးအား ရက်ပေါင်း (၄၀)ရက်အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း ယင်းကို မီးရှိုးဖျက်ဆီးသည့် အခမ်းအနားတွင် ဒေသခံသတင်းသမားများကို တနင်္လာနေ့က ထုတ်ဖေါ်ပြောလိုက်သည်။
ထို့ပြင် အရက် တာကာ ၈၀၀၀၀၀ (မြန်မာကျပ် သိန်း ၈၀ ကျော်) တန်ဖိုးအား ဖမ်းဆီးရမိခဲ့ပြီး ယင်းစုစုပေါင်း ဖမ်းဆီးရမိသော မူးယစ် ဆေးဝါး ကျပ် ကုဋေ ၅၀ ခန့်ကို BGB အနေဖြင့် တာခ်နာမြို့နယ် တပ်ရင်းအတွင်း ပြည်သူရှေ့တွင် တနင်္လာနေ့က မီးတိုက်ဖျက်ဆီး လိုက်ပြီးဖြစ်ကြောင်းနှင့် ယင်းအခမ်းအနားသို့ ဘင်္ဂလာ တပ်ရင်းကိုယ်စားပြု အရာရှိကြီးများ အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်း BGB တပ်ဖွဲ့မှာ မြန်မာနိုင်ငံ အနောက်ဖက်ရှိ မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိနေသော တာခ်နာမြို့နယ် အခြေစိုက် အမှတ် (၄၂) တပ်ရင်းမှူး ဗိုလ်မှူး အာဇိဇ် မိုဟာမတ် ဦးဆောင်သော တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
ယင်း BGB အနေဖြင့် မူးယစ်ဆေးဝါးများကို ယခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီ ၉ ရက်နေ့အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ မူးယစ်ဆေးဝါးများအား မြန်မာဘက်မှ မှောင်ခိုဝင်ရောက်လာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ဆိုကြောင်း ဒေသထုတ် သတင်းများက ရေးကြသည်။
ယင်း ဖမ်းဆီးရမိသော ရာဘားဆေးလုံး စုစုပေါင်းအရေအတွက်မှာ ၈၆၀၄၂ လုံး၊ ဘီယာ ၇၈၈၁ ကာတွန့်၊ အရက် ၉၈၅ မန္တလေးရမ်နှင့် တခြားအရက်အမျိုးအစား စုစုပေါင်း အများအပြားပါဝင်ကြောင်း သက်ဆိုင်ရာက အသေးစိပ်ထုတ်ဖေါ်ရှင်းလင်းခဲ့သည်ဟု သိရှိရသည်။
မြန်မာဘက်မှ ဘင်္ဂလာသို့ တင်သွင်းသော ရာဘားမူးယစ်ဆေးဝါးမှာ အမျိုးအစားပေါင်း ၅ မျိုးခန့်ရှိကြောင်း၊ ဈေးအပေါ့ဆုံးဖြစ်သော စံပါ့ မှာ တာကာ ၅၀ မှ ၆၀ အထိပေါက်ဈေးရှိနေကြောင်း၊ ဈေးအများဆုံးဖြစ်သော R7 ပေါက်ဈေးမှာ တာကာ ၂၀၀ ခန့်ရှိနေကြောင်းနှင့် ဈေးကွက်အတွင်း အနိမ့်ဆုံး တလုံးလျှင် တာကာ ၁၅၀ မှ အမြင့်ဆုံး တာကာ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။ တခြားတဖက်မှာ ယခင်နှစ်များကထက် ဈေးသက်သက်သွားကြောင်းနှင့် တင်သွင်းမှု တိုးမြင့်လျှက်ရှိကြောင်း နယ်စပ်သတင်းများက ဆိုသည်။
တခြား BGB တပ်ရင်းများနှင့် ရဲတပ်ဖွဲ့များ အနေဖြင့် ယင်းကဲ့သို့ မူးယစ်ဆေးဝါးများကို အမြောက်အများ ဖမ်းဆီးရမိထားကြောင်းနှင့် တပ်ရင်းအမှတ် (၄၂)မှ ယခုနှစ်အတွင်း ပထမဦးဆုံး မူးယစ်ဆေးဝါးအား မီးရှိုးဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အာရှနိုင်ငံများအတွင်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တင်သွင်းမှုတွင် ဘင်္ဂလာအနေဖြင့် အဆင့် ၃ တွင် ရောက်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံမှာ အဆင့် ၅ တွင်ရောက်ရှိနေကြောင်း သတင်းများအရ သိရှိရသည်။

No comments:
Post a Comment