ဇော်ဇော်ထွေး
ကြည့်မြင်တိုင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာချစ်ကြောင်း သက်သေပြသည့်အနေဖြင့် မိမိကိုယ်ကို ဓါးဖြင့်ထိုးပြီး သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၉ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အမှုမှာ ယင်းနေ့ ည ၁၁ နာရီခွဲအချိန်က အလတ်ချောင်းရပ်ကွက်၊ သီဟဗလ (၁)လမ်းတွင် လင်မယား(၂)ဦး မိမိကိုယ်ကို ဓါးဖြင့်ထိုး၍ သေကြောင်းကြံစည်ကြောင်း သတင်းအရ စက်ဆန်းနယ်မြေရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အခင်းဖြစ်နေအိမ်တွင် ဇော်သန်းနိုင် (၃၄)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ မညိုညိုထွေး (၃၃)နှစ် တို့ကို ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့် တွေ့ရှိခဲ့သည်။
အကြောင်းရင်းမှာလည်း အဆိုပါ ဇနီးမောင်နှံနှစ်ဦးတို့သည် အရက်သေစာများ သောက်စားထားရာမှ စကားများကြပြီး တစ်ဦးနှင့် တစ်ဦး ချစ်ကြကြောင်း သက်သေပြမည့်အကြောင်း ပြောဆိုကာ ဇော်သန်းနိုင်မှ မိမိကိုယ်ကို ဓါးဖြင့် ထိုးခဲ့ပြီးနောက် မညိုညိုထွေး မှလည်း ယင်းကိုယ်ကို ဓါးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု ရဲကိုထွက်ဆိုထားသည်။
လက်ရှိတွင် ၄င်းတို့ နှစ်ဦးမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည့်သူဆေးရုံကြီးသို့ အတွင်းလူနာ မစိုးရိမ်ရများ အဖြစ် တင်ပို့ကုသထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ထို့ပြင် ယင်းတို့ဇနီးမောင်နှံ (၂)ဦးကို သေကြောင်းကြံစည်မှုဖြင့် အရေးယူပေးရန် ဒုရဲအုပ် ထွန်းထွန်းလတ်က တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။
ယင်းတိုင်တန်းမှုကို စက်ဆန်းနယ်မြေရဲစခန်းက (ပ)၄၅/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃ဝ၉ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေး သွားမည်ဟု တိုင်းရဲဌာနက ဆိုသည်။
ထို့ပြင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂ ရက်ခန့် ခိုးရာလိုက်ခဲ့သည့် အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ သေကြောင်းကြံစည်မှု တစ်ခုမှာလည်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထန်းတပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါ အမျိုးသမီးမှာ လင်ယောက်ျားဖြစ်သူက မပေါင်းလိုဘဲ အမျိုးသမီး၏ မိခင်ထံပြန်အပ်ခဲ့ရာ စိတ်ညစ်ပြီး ကျန်ကျောင်းတံဆိပ် အင်းဆက်ပိုးသတ်ဆေးကို သောက်သုံးခဲ့ခြင်း ဖြစ်သည်။
ယင်းသေကြောင်းကြံစည်မှုကိုလည်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းက (ပ)၂၃/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး သေကြောင်း ကြံစည် သည့် အထက်ပါ အမျီုးသမီးကြီးကို ပြစ်မှုပုဒ်မ ၃ဝ၉ ဖြင့် အရေးယူရန် ဖမ်းဆီးသွားမည်ဟု ဆိုထားသည်။
No comments:
Post a Comment