ကေဇူး
အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် စစ်တမ်းများကောက်ယူပြီး အစီရင်ခံစာ ထုတ်ပြန်ရန်ရှိ သည်ဟု ရခိုင်အမျိုးသမီးအစီးအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဖေဖော်ဝါရီ ၁ဝ ရက်တွင် မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးရှိ မြို့နယ် ၁၇ မြို့နယ်တွင် ထိုစစ်တမ်းများကောက်ယူသွားမည်ဖြစ်ပြီး မတ်လ မှစတင်ကောက်ယူ မည် ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။ ထိုသို့ကောက်ယူရာတွင် ရခိုင်အမျိုးသမီးများအပေါ်လူမျိုးခြားကဖြစ်စေ၊ လူမျိုးတူသူ ကဖြစ်စေ အကြမ်းဖက်မှုများကို အဓိကကောက်ယူမည်ဖြစ်သည်ဟု ယင်းကပြောသည်။
“အကယ်၍ လူမျိုးခြားက ကျူးလွန်တာတွေ စစ်တမ်းမှာပါဝင်ရင်လည်း လက်တုံ့ပြန်ဖို့ ကောက်ယူတာမဟုတ်ဘူး၊ ဒါကို ဥပဒေလမ်းကြောင်းက ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားနိုင်ဖို့ ကောက်ယူတာဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်နယ် တွင် ကျေးလက်ဒေသများတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများရှိနေပြီး ယင်းအမှုများကိုအရေးယူမှုများဆောင်ရွက်ရန်အတွက် တိုင်းကြားမှုများရှိသလို၊ တိုင်ကြားမှုများမရှိသည့်အမှုများလည်း ရှိသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကဆိုသည်။
“ဝေးလံတဲ့ဒေသတွေမှာလည်း ဒီလိုအမှုတွေ အများစုဖြစ်တယ်။ အဓိကကတော့ အရက်သေစာ သောက်စားမှုကြောင့် ဖြစ်တာ များတယ်” ဟု ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက မဇ္ဈိမကိုပြောသည်။
ဦးလှသိန်း၏ ပြောဆိုချက်များအရ ရခိုင်ပြည်နယ်တွင် တစ်လလျင် လူသတ်မှု ဆယ်မှုထက်မနည်း ဖြစ်ပေါ်လျှက်ရှိပြီး ယင်းအမှုများ အနက် အဓမ္မပြုကျင့်မှုများလည်း ပါဝင်သည်ဟု ဦးလှသိန်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောထားသေးသည်။
ဇူလိုင်လအတွင်းကပြည်နယ်ဥပဒေချုပ်၏ပြောကြားချက်မှာတစ်လလျှင် လူသတ်မှု ၁ဝ မှုခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် ၁၅ မှုသို့ တိုးမြင့်ခဲ့သည်။
ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်တွင် တစ်လျှင်လူသတ်မှုဖြစ်စဉ်များ တိုးပွားနေခြင်းမှာ ဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂါလီနှစ်ဖက်အဖွဲ့အစည်းများကြားတွင်သာမက ရခိုင်အချင်း ချင်းနှင့် ဘင်္ဂါလီအချင်းချင်းဖြစ်ပွားသည့် မှုခင်းများမှာ လည်း ယခင်ကထက်ပိုများလာသည်။
No comments:
Post a Comment