Wednesday, February 19, 2014

စက်မှုဇုန်ထုတ်ကားများ အပ်နှံနိုင်တော့မည်

မင်းမင်း

ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့သည့် ပြည်တွင်းထုတ် မော်တော်ယာဉ်များမှာ အရည်အသွေး ပြည့် မီမှုမရှိ၍ ယင်းမော်တော်ယာဉ်များအား ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံအဖြစ် အပ်နှံမှုများကို လက်ခံဆောင် ရွက်ပေးရန်ရှိသည်ဟု ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီးက ပြောဆိုလိုက်သည်။

“အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ခြင်းမရှိသော စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား ထုတ်လုပ်သည်မှ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိုင်ရှင်ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုတွင်
ထည့်သွင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် လျက် ရှိပါတယ်” ဟု မီးရထားဒု-၀န်ကြီး ဦးချန်မောင်ကပြောသည်။

ပြည်တွင်းစက်မှုဇုန်ထုတ် မော်တော်ယာဉ်များမှာနံပါတ်မြင့်ကားများဖြစ်သည့်အတွက် လက်ရှိဆောင်ရွက် ပေးနေသည့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက်ရန် ရန်ကုန်တိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉဏစိုး၏ မေးခွန်းထုတ်မှုကို ဒု-၀န်ကြီးက ယင်းသို့ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို ဒု-၀န်ကြီးက ပြောကြားခြင်း မရှိသည့်အတွက် အချိန်ကာလ တိတိကျကျ သတ်မှတ်ပေးရန် ဒေါက်တာမြတ်ဉဏစိုးက ထပ်ဆင့်မေးခွန်းထုတ်ခဲ့ရာ ဒု-၀န်ကြီးက “ညှိနှိုင်းဆောင်ရွက်ရမယ့် အချက်တွေကတော့ မှတ်ပုံတင်နှစ် ဘယ်လောက်နဲ့ သတ်မှတ် ပြီးတော့ အပ်နှံခွင့်ပြုသင့်သလဲ။ လက်ရှိ ရှိနေတဲ့ ယာဉ်တွေရဲ့အနေအထား စိစစ်ရမှာဖြစ်ပါတယ်။ အမြန် ဆုံးဖြစ်အောင် အဲဒီကိစ္စကို ဆောင်ရွက်ဖို့ တင်ပြသွားပါမယ်” ဟု ပြန်ဖြေသွားသည်။

ယခင်အစိုးရလက်ထက်က မော်တော်ယာဉ်များ တင်သွင်းခွင့်မရသည့်အတွက် ပြည်တွင်းစက်မှုဇုန်ထုတ် ကားများကို အစိုးရက ၂၀၀၁ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလထိ ယာဉ်စီးရေကိုးသောင်း ကျော်ကို မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်များမှာ “နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်တာ မဟုတ်ဘဲနဲ့ မော်တော် ကား ဘော်ဒီအုံနဲ့ ၀ပ်ရှော့သာသာ ထုတ်လုပ်ခဲ့တဲ့အတွက် အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ တော် aတ်ာကို ခနော်ခနဲ့နဲ့ သွားနေရတာပါ” ဟု ဒေါက်တာမြတ်ဉဏစိုးကလွှတ်တော်တွင် ပြောဆိုခဲ့သည်။

စက်မှုဇုန်ထုတ် aမ်ာတော်ယာဉ်အား ၀ယ်ယူသုံးစွဲနေသည့် ရန်ကုန်မြို့မှ ဦးအောင်မြတ်ထွန်းကလည်း “သင်္ကြန်လည်ရင်းနဲ့ ခါးကျိုးတာတောင် ရှိပါတယ်။ လဲပေးသင့်တာ ကြာပြီ” ဟု မဇ္ဈိမကို ပြောသည်။

ယခုအစိုးရလက်ထက်တွင် ပြည်ပနိုင်ငံထုတ် မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်ကို တရားဝင် ထုတ်ပေး ခဲ့ပြီး မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ရှိသည့် ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု ဆောင်ရွက်ပေးခဲ့သည်။

ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံထားသည့် မော်တော်ယာဉ်စီးရေမှာ ယခု လအထိ တစ်သိန်းကျော်ရှိပြီ ဟု မီးရထား ၀န်ကြီးဌာန၏ စာရင်းများကဆိုသည်။

No comments: