တင်ဇာအောင်
၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပိတ်သိမ်းခဲ့ရသည့် ဂျာမန်ယဉ်ကျေးမှုဌာန (Goethe Institute)ကို လာ မည့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ အဆိုပါဖွင့်ပွဲသို့ ဂျာမန်ပြည်သူ့သမ္မတ နိုင်ငံ တော်သမ္မတ Joachim Gauck တက်ရောက်မည်ဖြစ်သည်ဟု ဂျာမန်ယဉ်ကျေးမှု (မြန်မာ)၏ ဒါရိုက်တာ Franz Xaver Augustinက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။
အဆိုပါခရီးစဉ်အတွင်း ဂျာမန်သမ္မတအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာအသင်း(Chamber of Commerce) ကို ဖွင့်လှစ်ပေးမည့်အပြင် သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံရန်ရှိ သည်ဟု Franz Xaver Augustin က မဇ္ဈိမကို ပြောသည်။
ဂျာမန်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မြို့၊ ကမ်းနားဟိုတယ် တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။
Franz Xaver Augustin က “သမ္မတက ဂျာမန်ယဉ်ကျေးမှုဌာနကို တက်ရောက် ဖွင့်လှစ်ပေးတာက ပထမဆုံး ဖွင့်လှစ်ပေးတာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်မှု၊ ယဉ်ကျေးမှုဆိုင်ရာ တိုးတက်မှုတွေမှာ တစ်ဖက်တစ်လမ်းက ကူညီပေးတယ်လို့လည်း သမ္မတက ယုံကြည်တယ်”ဟု ဆိုသည်။
အဆိုပါယဉ်ကျေးမှုဌာနကို ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အမှတ်(၈) အိမ်တွင် ဖွင့်လှစ်မည် ဖြစ်ရာ အဆိုပါနေရာသည် ဗိုလ်ချုပ်အောင်ဆန်း ဖဆပလအဖွဲ့၏ ဥက္ကဋ္ဌဖြစ်စဉ် ရုံးထိုင်ခဲ့သည့်နေရာဖြစ် ပြီး ယင်းနေရာကို ပေးအပ်သည့်အတွက်လည်း ဂုဏ်ယူမိသည်ဟု Franz Xaver Augustinကဆိုသည်။ လာမည့် နှစ်နှစ်အတွင်းတွင်လည်း ဂျာမန်နိုင်ငံက အကုန်အကျခံ၍ အဆိုပါအိမ်ကို ပြုပြင်မွမ်းမံသွားမည် ဟုလည်း ဂျာမန်ယဉ်ကျေးမှုဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဂျာမန်ယဉ်ကျေးမှုဌာနသည် ကမ္ဘာတစ်လွှားတွင် တက်ကြွစွာလှုပ်ရှားနေသည့် အဖွဲ့လည်း ဖြစ်သည်။ အဆိုပါဌာနသည် နိုင်ငံအများအပြားတွင် ဂျာမန်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ ပြန့်ပွားလာနိုင်စေရန် မြှင့်တင်ပေးရုံသာမက၊ ယဉ်ကျေးမှုများ ကူးလူးဖလှယ်ကြနိုင်ရန် အားပေးဆောင်ရွက်နေသည့် အဖွဲ့တစ် ဖွဲ့လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့်ဌာနသည် ကမ္ဘာတစ်လွှားရှိ ဂျာမန်ယဉ်ကျေးမှုဌာနများ ထဲမှ ၁၅၀ ခုမြောက်ဌာန ဖြစ်သည်။
ဖေဖော်ဝါရီ ၁၁ တွင် ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနားသို့ ဂျာမန်သမ္မတနှင့် ဂျာမန်ယဉ်ကျေးမှုဌာန၏ဥက္ကဋ္ဌ Klaus-Dieter Lehmann တို့ တက်ရောက်မည်။
No comments:
Post a Comment