Saturday, February 15, 2014

အာဇာနည် စစ်ဦးစီးချုပ် ဗိုလ်ရာဇာနေ့ အခမ်းအနား မျိုးချစ်ရဲဘော်ဟောင်းများ ကျင်းပ

သဇင်ဥ

ရခိုင်ပြည်တပ်မတော် အာဇာနည် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဗိုလ်ရာဇာနှင့်အတူ တပ်မှူးကြီး ရခိုင်-ကရင် (၅)ဦး ကျဆုံးသွားသော (၁၆)နှစ်ပြည့် အောင့်မိဝမ်းနည်းဖွယ် အခမ်းအနားတရပ်ကို နယ်သာလန်နိုင်ငံရောက် မျိုးချစ်ရဲဘော်ဟောင်းများက ရည်မှန်းချက်များဖြင့် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကျဆုံးသွားခဲ့သော ဗိုလ်ချုပ် ဗိုလ်ရာဇာနှင့်အတူ ရခိုင်-ကရင် တပ်မှူးကြီး (၅)ဦးနှင့်အတူတကွ တော်လှန်ရေး တလျှောက် လိုက်ပါဆောင်ရွက်ခဲ့သော ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (National United Party of Arakan – NUPA) လက်အောက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army – AA)နှင့် KNU ကရင်ရဲဘော် စုစုပေါင်း ၃၄ ဦးတို့ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဗိုလ်ချုပ် ဗိုလ်ရာဇာနှင့်အတူ ကျဆုံးသွားသော တပ်မှူးကြီး ရခိုင်-ကရင် (၅) ဦးအား ရည်မှန်း၍ "၂/၁၁ ဗိုလ်ရာဇာ ဖောင်ဒေးယှန်း"ဟု အမည်ရသော အဖွဲ့တခုကို ဖွဲ့စည်းခဲ့ပြီး၊ ယင်းမှ စစ်တွေမြို့တွင် ဖွင့်လှစ်ထားသော ရွှေဂရုဏာဆေးရုံသို့ ယူရိုငွေ (၁၀၀၀)၊ အိန္ဒိယနိုင်ငံတွင် စာသင်နေကြသော ရခိုင်ကျောင်းသားများအတွက် ယူရို (၅၀၀)နှင့် အိန္ဒိယနိုင်ငံတွင် စာသင်နေကြသော ရခိုင်ကျောင်းသူလေးများအတွက် ယူရို (၂၀၀)တို့ကို လှူးဒါန်းခဲ့ကြောင်း fbမိတ်ဆွေ ရက္ခိတသွီး ရက္ခိတသား ဖေါ်ပြချက်အရ သိရှိရသည်။

"၂/၁၁ ဗိုလ်ရာဇာ ဖောင်ဒေးယှန်း"ကို ယခင်ဖွဲ့စည်းခဲ့သော "၂/၁၁ အဖွဲ့"မှ အမည်သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း၊ "၂/၁၁ အဖွဲ့" အနေဖြင့် အကျဉ်းထောင်ထဲတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခဲ့ကြောင်းနှင့် ပြည်တွင်း/ပရှိ ဒုက္ခဆင်းရဲရောက်နေကြသော တချို့နေရာများမှ ရခိုင်ပြည်သူ/သားများကို တတ်အားသရွေ့ ငွေအလှူပေးခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သော ၁၉၉၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)နေ့တွင် အိန္ဒိယနှင့် ဗမာစစ်တပ်တို့မှ ပူးပေါင်းပြီး ဗိုလ်ချုပ် ဗိုလ်ရာဇာနှင့်အတူ ရခိုင်-ကရင် တပ်မှူးကြီး (၅)ဦးအား အိန္ဒိယနိုင်ငံ အန္ဒမန်ကမ်း လန်းဖော့လ်ကျွန်းတွင် သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ပြီး၊ ယခု နယ်သာလန် နိုင်ငံသို့ ရောက်ရှိနေကြသော ရခိုင်-ကရင် ၃၄ ဦးတို့မှာ အိန္ဒိယအကျဉ်းထောင်အတွင်း (၁၃)နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရပြီး တခြားရဲဘော် (၂)ဦးနှင့် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းသော အိန္ဒိယရှေ့နေကြီး (၁)ဦး သေးဆုံးခဲ့သေးသည်။

ရခိုင်ပြည်တပ်မတော် (AA)နှင့် အိန္ဒိယစစ်ထောင်လှမ်းရေးတို့အကြား ယင်းအန္ဒမန်ကမ်း လန်းဖော့လ်ကျွန်း၌ AAရေတပ်မတော်မှ တပ်စခန်း အခြေစိုက်ရန် သဘောတူညီချက်အရ ခေတ်မီလက်နက်အမြောက်အများဖြင့် သွားရောက်ခဲ့စဉ် အိန္ဒိယစစ်တပ်မှ သစ္စာဖေါက် ခဲ့ခြင်းဖြစ်ပြီး စခန်းချရန် ပါလာသော ရခိုင်ပြည်ရေတပ်မတော် သင်္ဘောငယ်များနှင့် လက်နက်များပါ မတရားသဖြင့် သိမ်းဆည်း ခံခဲ့ရသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဗိုလ်ရာဇာ တည်ဆောက်ခဲ့သော AAမှာ ၁၉၉၄ မှ ၂၀၀၀ ခုနှစ်အထိ အနောက်ဘက်စစ်မျက်နှာတွင် ခေတ်မီလက်နက်မျိုးစုံဖြင့် အင်အားအကောင်းဆုံး အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီး ယခုအချိန်ထိ AA၏ အရှိန်ကြီးထွားမှုသည် ရခိုင်ပြည်-ဘင်္ဂလာ-အိန္ဒိယ နယ်စပ်တလျှောက် ထင်ရှားလျှက် ရှိနေသေးသည်။

အာဇာနည် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဗိုလ်ရာဇာ တည်ထောင်ခဲ့သော NUPA-AAမှာ အနောက်ဘက်စစ်မျက်နှာတွင် ယခုအချိန်ထိ အမျိုးသား တော်လှန်ရေး-နိုင်ငံရေးတာဝန်ကို တခြားဘ၀တူ မဟာမိတ်မိတ်ဆွေများနှင့်အတူတကွ ထမ်းဆောင်လျှက်ရှိနေသေးသည်။

No comments: