စုမြတ်ဝေ၊ ရွှေရည်ဝင်းထက်
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်ဒေသကိစ္စအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခင်းအကျင်း အလားအလာများကို လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနားက စိုးရိမ်နေသည်ဟု မြန်မာနိုင်ငံခရီးစဉ်အစတွင် ၈၈ မျိုးဆက် ငြိမ်း/ပွင့်နှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်ဟု ကိုပြုံးချိုက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းရန် တာဝန်ရှိသူ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် ကင်တားနားသည် ရာထူးသက်တမ်းကုန်ဆုံးချိန် နောက်ဆုံးခရီးအဖြစ် မြန်မာနိုင်ငံသို့ ဖေဖော် ၀ါရီ ၁၃ ရက်တွင် ရောက်ရှိလာစဉ် ပထမဆုံးတွေ့ဆုံမှုအဖြစ် ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်နှင့် ရန်ကုန်မြို့၌ တွေ့ဆုံအပြီးတွင် ကိုပြုံးချိုက ပြောခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းမည့် အစီရင်ခံစာတွင် ထည့် သွင်းရန်ရှိသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး၊ တိုင်း ရင်းသားလူနည်းစုအခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊ အလုပ်သမားအခွင့်အရေး၊ မြေ ယာသိမ်းဆည်းခံရမှုများ၊ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံကြရသူများအရေးကိစ္စ စသည်တို့ကို ဆွေး နွေးခဲ့ကြသည်ဟု ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကင်တားနား၏ခရီးစဉ်တွင် လေ့လာအကဲဖြတ်ရန် စီစဉ်ထားသည့် လူမျိုးရေးပဋိပက္ခများနှင့် ပတ် သက်၍လည်း အခြေအနေအမှန်ကို သိရှိနိုင်ရန် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က အသိပေးပြောကြားခဲ့ကြသည်။
ကင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သွားရောက်မည့်နေရာများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ စစ်ကိုင်းတိုင်းတို့အပြင် ရခိုင်ပြည်နယ်သို့လည်း သွားလေ့လာရန် အခြေအနေများ ရှိသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပွားခဲ့သော ကင်း လှည့်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး အသတ်ခံရမှုနှင့် ယင်းဖြစ်စဉ်အပြီး အဆိုပါ ကျေးရွာတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ကင်တားနားက လေ့လာစုံစမ်း သုံးသပ်နိုင်ဖွယ်ရှိသည်။
ကိုပြုံးချိုက “လက်ရှိ လောလောဆယ်မှာ ဒီရခိုင်ဒေသကိစ္စတင်မဟုတ်ဘဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ အနေနဲ့ စိုးရိမ်တာမျိုးရှိတယ်။ အခြေအနေကောင်းတွေကို ဘယ်လိုမျိုး လုပ်ဆောင်လို့ရမလဲ။ နောက် လူ့ အခွင့်အရေချိုးဖောက်ခံရမှုတွေ ကျော်နိုင်အောင် ဘယ်လိုဆောင်ရွက်လို့ရမလဲ ဆိုတာတွေလည်း ဆက် ပြီးတော့ ဆွေးနွေးဖြစ်ကြတာပေါ့”ဟု ပြောသည်။
၈၈ တို့နှင့်တွေ့ဆုံစဉ် ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်၌ နိုင်ငံသားတို့၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ခွင့်များ နှောင့်ယှက်ခံရခြင်း၊ အရေးယူခံရခြင်းတို့ မကြုံတွေ့ရစေရန် သတိထားသင့်သည့် ကိစ္စများကို လည်း ဆွေးနွေးခဲ့ကြသေးသည်။ ထို့ပြင် လူမျိုးရေးပဋိပက္ခများနှင့်ပတ်သက်၍ ပြဿနာများ မကြီးထွား စေရန်နှင့် ရှိနေသည့် အတိုင်းအတာများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သင့်သည့် အခြေအနေများကို အမြင်ချင်းဖလှယ်ကြသည်ဟု ၈၈ တို့က ဆိုသည်။ ဆွေးနွေးသည့် ပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအ၀င်ဖြစ် သော ဦးကိုကိုကြီးက “ဘာသာရေးပုံစံကို ရိုးရိုးသားသား ချစ်မြတ်နိုးတဲ့ ကာကွယ်ချင်တဲ့ စိတ်မျိုးတွေရှိ သလို တချို့ကလည်း ဒါကို အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံရေးအမြတ်ထုတ်မှုတွေ လုပ်နေတယ်လို့ မြင် တယ်လို့ ကျွန်တော်တို့သဘောထားတွေ ပြောပြခဲ့ပါတယ်။ ဟိုတစ်ဖက်ကလည်း နိုင်ငံတကာအဖွဲ့အ စည်းတွေအနေနဲ့ နိုင်ငံရဲ့မိသားစုတွေ၊ နိုင်ငံသားတွေရဲ့ခံစားချက်၊ နိုင်ငံသားတွေရဲ့စိုးရိမ်မှု အဲဒါတွေကို ခင်ဗျားတို့တွေ လွယ်လွယ်ကူကူ ကောက်ချက်မချဖို့ သူက ပြောတယ်။ အဓိကက သူက လူ့အခွင့်အရေး လို့ပြောရင် နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်။ အဓမ္မ လုပ်အားပေးစေခိုင်းမှုကိစ္စ တစ်လျှောက်လုံး ပြောနေ တယ်။ ပိုပြီးအကဲဆတ်တဲ့ကိစ္စက ဘာသာရေးပြဿနာမျိုးတွေပါ”ဟု ပြောသည်။
မလေးရှား၌ ဖေဖော်ဝါရီ ၄ ရက်တွင် လုပ်ကြံခံခဲ့ရသည့် ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုအောင်ကြီး၏ အရေး ကိစ္စကိုလည်း ကင်တားနားက စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခဲ့သေးသည်ဟု ဆိုသည်။ ယင်းအ ပြင် နိုင်ငံအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲများနှင့် ကန့်ကွက်ပွဲအချို့ဆိုင်ရာ အခြေအနေ များကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။
ကင်တားနား၏ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်သည့် ခြောက်ရက်တာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာကြေးနီသတ္တုမိုင်းနှင့် ရန်ကုန်အနီးရှိ သီလ ၀ါရေနက်ဆိပ်ကမ်းတို့သို့ သွားရောက်ရန် စီစဉ်ထားသည်။
မစ္စတာကင်တားနားသည် သူ၏လုပ်ငန်းတာဝန်များ ပြီးဆုံးမည့် ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပကာ သူ၏ ပမာဏလေ့လာချက်များကို သတင်းထုတ်ပြန်ရန်ရှိသည်။ အသေးစိတ်အစီရင်ခံစာကိုမူ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည်ဖြစ်သည်။
No comments:
Post a Comment