ကြယ်ပြာ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗဟိုသန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ ဥကဋ္ဌ ဦးခင်ရီက သန်းခေါင်စာရင်းအတွက် လှူပ်ရှားနေသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် ကမ်းလှမ်းလိုက်ကြောင်း ၂ဝ၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုင်းဇက်ခင်က ဖေဖော်ဝါရီ၂ဝရက်က မဇ္ဈိမကို ပြောသည်။
၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တချိန်တည်း၊ တပြိုင်တည်း အမြန်ဆုံး တွေ့ဆုံပေးရန် ဖေဖော်ဝါရီ ၁၇ ရက်က တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ က စုပေါင်း၍ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက်၊ ၁၈ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။
“နေပြည်တော်မှာ ၂၆ရက်နေ့မှာ ဒီအဖွဲ့တွေအားလုံးကို တပြိုင်နက်ထဲတွေ့မယ်လို့ ဝန်ကြီးကပြောတယ်။ ရှင်းပြရုံ နားထောင်ရုံ သက်သက်မဟုတ်ဘူး။ တိုင်းရင်းသားတွေ ဖြစ်ချင်တဲ့အရာတွေကို သန်ခေါင်စာရင်း မကောက်ခင် လုပ်မလား ဒုတိယအကြိမ် လုပ်မှာလားဆိုတာကို အသေအချာပြောကြမှာပါ”ဟု ဦးဆလိုင်းအိုင်းဇက်ခင်က ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရရှိလာမည့် လူမျိုးစုအမည် ရလာဒ်များအား ပြန်လည်စီစစ်ရာတွင် တိုင်းရင်းသား အဖွဲ့အစည်းများအား ပါဝင်ခွင့်ပြုရန်ဆိုသော အချက်ကိုပါ ညှိနှိုင်းကြမည်ဖြစ်ပြီး၊ ချင်း၊ ကချင်၊ကရင်၊ မွန်နှင့် ရှမ်း တို့မှ အရပ်ဖက် အဖွဲ့အစည်းများနှင့် ရခိုင်နှင့်ကယားနှစ်ဖွဲ့လည်း လိုက်ပါရန် ဖြစ်လာနိုင်ကြောင်း သိရသည်။
ဗဟိုသန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးတို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးပြီး လုံလောက်သော ပြင်ဆင်မှုများ ရရှိပြီးမှသာ သန်းခေါင်စာရင်းကို ကောက်ယူရန်၊ သန်းခေါင်စာရင်း ကောက်ယူရန် ဖွဲ့စည်းထားသော ကော်မရှင်ခွဲများ အဆင့်ဆင့်တွင် တိုင်းရင်းသားများ၏ အကြံဥာဏ်၊ သဘောထားများ ပါဝင်ခွင့်ရစေရန် တိုင်းရင်းသားများ စေလွှတ်သော ကိုယ်စားလှယ်များကို ထည့်သွင်းပေးရန်၊ သန်းခေါင်စာရင်း ကောက်ယူရာမှ ထွက်ပေါ် လာသော ရလဒ်တခုတည်းကို အခြေခံ၍ တိုင်းရင်းသား လူမျိုးနွယ်စု အရေအတွက် သတ်မှတ်ခြင်း မပြုလုပ်ရန်နှင့် တိုင်းရင်းသား လူမျိုးစုများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရှိသော နည်းလမ်းနှင့် အစီအစဉ်များ ချမှတ်ပေးရန် ဆိုသော အချက်များကို တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်း ၃ဝ က ဖေဖော်ဝါရီ ၁၇ ရက်က တောင်းဆိုခဲ့ကြသည်။
No comments:
Post a Comment