Monday, February 3, 2014

ဝန်ကြီးချုပ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု ခြေရာကောက်နိုင်ခြင်းမရှိသေး

မျိုးသန့်

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တိုင်းဝန်ကြီးနှစ်ဦး စီးနင်းလာသည့် ယာဉ်တန်း ဇန်န၀ါရီ ၃၁ ရက် ညနေတွင် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တရားခံဖမ်းဆီးရမိရေန် စုံစမ်းနေပြီး၊ မည်သည့် အချက် ကိုမျှ သိရှိရခြင်းမရှိသေးဟု ဒိုးပင် ရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂ ရက်တွင် မဇ္ဈိမသို့ ပြောကြားသည်။

“ဖမ်းဆီးရမိရေးအတွက် စီမံချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပြည်သူ့စစ်၊ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေနဲ့ စစ်ဆေးမှုတွေကို လုပ် ဆောင်နေပါတယ်။ လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူ” ဟု ပြောသည်။

ဖြစ်ပွားခဲ့သောနေရာမှာ ကျောက်မဲ ခရိုင် မိုးကုတ်-ပြင်ဦးလွင် ကားလမ်းအသစ် မိုင်တိုင်၂၉အနီး နောင်ချို မြို့နယ်နှင့် ဟိုခိုကျေးရွာ၊ ဒိုးပင်ကျေးရွာအကြား နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် မည့်သည့် အဖွဲ့အစည်း၊ မည်သူက လုပ်ဆောင်သည်ကိုမူ အတိအကျမသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ကျောက်မဲခရိုင် ရဲတပ်ဖွဲ့ကလည်း သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲများဖြင့် စစ်ကြောရေးကိစ္စများ လုပ်ဆောင်သွားမည် ဖြစ်ကာ မြို့နယ်ရဲစခန်းမှ ဆက်လက် ဆောင်ရွက်သွားမည်ဟု အဆိုပါ ရဲစခန်းမှ ရဲအရာ ရှိက ပြောသည်။

ဗုံးဖေါက်ခွဲခံရခြင်းကြောင့် မန္တလေး နေ့စဉ်သတင်းစာတိုက်မှ သတင်းထောက် ကိုအောင်မင်းဦးနှင့်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထောက်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သတင်းထောက် ကိုအောင်မင်းဦးမှာ လက်နှင့် မျက်နှာများတွင် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အသက် အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲခံရသော ယာဉ်တန်းတွင် မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်တို့မှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ် ပြောင်းလဲနိုင်ရေး မိုးကုတ်ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments: