Friday, February 14, 2014

မြောက်ဥက္ကလာ စာပေ ဟောပြောပွဲ ဘာသာရေး အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခံရ

စနေလင်း

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်နှင့် ၈ ရပ်ကွက်တို့၌ “ရပ်ကွက် မိသားစုများ ပူးပေါင်း ကျင်းပသော ပထမအကြိမ် စာပေ ဟောပြောပွဲ” သည် လူမျိုးရေး၊ ဘာသာရေး ပြဿနာ ဖြစ်ပွားနိုင်သည့် အခြေ အနေများကြောင့် ဖျက်သိမ်းလိုက်ကြောင်း စာပေ ဟောပြောပွဲ ကျင်းပရေး ကော်မတီက ပြောသည်။

ပွဲကျင်းပမည့် ပြည်ထောင်စုနေ့ ညနေပိုင်းတွင် ကား ၄ စီးဖြင့် မျိုးချစ်သံဃာတော်များ သမဂ္ဂအဖွဲ့မှ ဦးဆောင်ပြီး သံဃာတော် နှင့် လူပုဂ္ဂိုလ် များ အပါအ၀င် လူ ၂၀၀ ခန့် ရောက်ရှိ လာကာ တချို့က လမ်းထိပ်တွင် စောင့်နေပြီး ဦးမြအေးနှင့် ဦးကိုနီတို့ ရောက်လာပါက ပိတ်ဆို့ ထားရန်၊ စစ်မြင့်ပေါ်သို့ ရောက်သွားလျှင်လည်း ကန့်ကွက်ရန် စီစဉ်ထားသည်ဟု ပြောဆိုကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဒေါ် ဇင်မာအောင်က ဧရာဝတီသို့ ပြောသည်။

ယင်းစာပေဟောပြောပွဲ၌ စာရေးဆရာ ဆင်ဖြူကျွန်း အောင်သိန်း၊ သန်းစိုးနိုင်၊ ကိုမြအေးနှင့် ဦးကိုနီတို့ ဟောပြောကြမည်ကို လွန်ခဲ့သော ၃ ရက်ခန့်က မြို့နယ် အုပ်ချုပ်ရေးထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျင်းပရေး ကော်မတီများကို အဆိုပါပွဲကို ကန့်ကွက်သည့်စာ ရရှိထားသည်ဟု အသိပေးခဲ့သော်လည်း ပွဲကို အထမြောက်ရန် ဆက်လက် ပြင်ဆင်ခဲ့ကြောင်း ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။

“မြို့နယ်မှူးကတော့ ကန့်ကွက်စာထဲမှာ အစ္စလမ် ဘာသာဝင် ၂ ဦး ပါတဲ့ အတွက် သူတို့ကို ဖြုတ်ပေးဖို့ ပါတယ်လို့ ပြောပါတယ်။ ကျမတို့က ဘာသာရေး ပွဲလည်း မဟုတ်၊ ဖိတ်ထားပြီးသားတွေလည်း ဖြစ်နေတာကြောင့် ဖယ်လို့ မရနိုင်ဘူးလို့ ပြော တော့ လုံခြုံရေးအရ စိုးရိမ်ရတယ်လို့ ပြောတယ်။ တကယ်လို့ ဆက်လုပ်မယ် ဆိုရင် သူ့ဘက်ကလည်း တတ်နိုင် သလောက် တော့ ကူညီနိုင်ပေမယ့် ဖြစ်များ ဖြစ်လာခဲ့ရင် ဘာမှ မတတ်နိုင်တဲ့ သဘောမျိုး ပြောတယ်။ ဒါနဲ့ ကျမတို့က ကိုယ့်အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ပွဲကိုဖြစ်အောင် ဆက်လုပ်တယ်”ဟု ၎င်းက ဆိုသည်။

ပွဲကျင်းပမည့် နေရာသို့ ရောက်လာသော သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ထပ်မံ ညှိနှိုင်းကာ မိမိတို့သည် စာပေဟောပြော ပွဲ သက်သက်သာ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးများ ဟောပြောလျှင်လည်း လက်ခံမည့်သူတွေ မဟုတ်ကြောင်း သေချာစွာ ရှင်းပြ တောင်းပန်သော်လည်း မရရှိခဲ့သဖြင့် ဟောပြောပွဲကို ဖျက်သိမ်းလိုက်ရကြောင်း ဒေါ်ဇင်မာအောင် က ပြောပြသည်။

“ပွဲမစခင် ကတည်းက ကျနော့်ဆီကို ဖုန်းနဲ့ဆက်ပြီး ဒီပွဲက ဦးမြအေးနဲ့ ဦးကိုနီကို ဖြုတ်ပြီးမှ ပွဲကို ဆက်လုပ်ဖို့ ပြောတာတွေ ရှိတယ်။ တကယ်လို့ အဲဒီလိုမလုပ်ဘဲ ပွဲကို ဖြစ်အောင် ဆက်လုပ်မယ်ဆိုရင် ဘာဘာညာညာဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ စကားတွေ ပြောတယ်”ဟု ယင်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ဥက္ကဌ ဦးမျိုးထွဋ်က ဆိုသည်။

လက်ရှိအချိန်တွင် လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်သည့်ကိစ္စများကို အကြောင်းပြု၍ တိုင်းပြည်တွင် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဘာသာပေါင်းစုံ ရင်းနှီးချစ်ခင်ရေး ဟောပြော ဆွေးနွေးမှုမျိုးကို ထောက်ခံကြောင်း၊ ဘာသာရေးနှင့် အမျိုးသား ရေး ကို ဟောပြောပွဲ စင်မြင့်များတွင် မတူသော အမြင်သဘောထားများကို ပြောဆိုခြင်းသည် အမျိုးသား ပြန်လည် သင့်မြတ် ရေး အတွက် အကျိုးမရှိသော အကြောင်းပြချက်များ ဖြစ်ကြောင်း အဆိုပါပွဲတွင် ဟောပြောရန် ဖိတ်ကြားခံထားရသည့် စာရေးဆရာ သန်းစိုးနိုင်က ဧရာဝတီသို့ ပြောသည်။

“အရင် ရဟန်းသံဃာများ အစည်းအဝေးတို့၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ညှိနှိုင်းရေး တို့ဆိုတဲ့ ကိစ္စတွေက ကောင်းပါတယ်။ ဒါပေမယ့် အခုလို စာပေ ဟောပြောပွဲ ကိစ္စတွေမှာ ပါဝင် စွက်ဖက်မှု ဆိုတာကတော့ ပထမဦးဆုံး တွေ့လိုက် ရတာပဲ။ ဒီလို ဟောပြောပွဲတွေမှာ ၀င်ရောက် ကန့်သတ်တာဟာ အစဉ်အလာတခု ဖြစ်သွားမှာကို စိုးရိမ်တယ်။ အဲဒါကို မပြန့်ပွား စေချင်ဘူး။ ဒါ့ကြောင့်လဲ ဒီပွဲကို ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

No comments: