Saturday, February 8, 2014

၂၀၁၃ ခုနှစ် ဖဒိုမန်းရှာ၏ ငယ်ရွယ်သူခေါင်းဆောင်ဆု နော်ကညောဖောနင်းမ်ရော့ဒ် ရရှိ

Benny

ဖဒိုမန်းရှာဖောင်ဒေးရှင်းကို ထူထောင်ခဲ့သူများအထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သော စောစေးစေးဖန်းက ထိုဆုကို ၆၅ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ဖြစ်သည့် ဇန်န၀ါရီ ၃၁ ရက်နေ့က ဒေဖုနိုးကျေးရွာတွင် ကရင်အမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး နော်ကညောဖောနင်းမ်ရော့ဒ်ကို ၂၀၁၃ ခုနှစ် ဖဒိုမန်း ရှာ၏ ငယ်ရွယ်မှု ခေါင်းဆောင်ဆု ချီးမြှင့်ခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနားတွင် ၂၀၁၃ ခုနှစ်အတွက် ဆုရရှိသွားသူ နော်ကညောဖောနှင့်ပတ်သက်ပြီး ပြောကြားခဲ့ရာတွင် သူမသည် ဒုက္ခသည်စခန်းအတွင်း ခက်ခဲကြမ်းတမ်းသော အခြေအနေများတွင် ပညာကို ကြိုးစားသင်ယူခဲ့သူဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုများကို တက်လှမ်း ဆွတ်ခူးခဲ့သူဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ သူမသည် ကရင်အမျိုးသမီးအဖွဲ့အတွက် နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင် ခဲ့ပြီးခေါင်းဆောင်တစ်ဦးပြီသစွာ အနစ်နာခံဆောင်ရွက်ခဲ့သဖြင့် ဖဒိုမန်းရှာ၏ ငယ်ရွယ်သောခေါင်းဆောင် လေးများဆုနှင့် အထိုက်တန်ဆုံးသူအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရကြောင်းလည်း ထည့်သွင်း ပြော ကြားခဲ့ပါသည်။

သူမသည် ကရင်အမျိုးသမီးအဖွဲ့အတွက် ၁၉၉၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် ကျင်းပခဲ့သော ခြောက်ကြိမ်မြောက် ကရင်အမျိုးသမီးညီလာခံတွင် သူမအား အထွေထွေအ တွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ကြပါသည်။ နော်ကညောဖောသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့် တင်ရေးလုပ်ငန်းများကို အထူးအာရုံထား ဆောင်ရွက်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ၊ အမျိုးသမီးအခွင့်အရေးသင်တန်းများ ပို့ချပေးခဲ့သည့်ပြင် ကရင်အမျိုးသား၊ အမျိုးသမီးများ ရင်ဆိုင်နေရ သော ဘေးအန္တရာယ်နှင့် ဒုက္ခအ၀၀ကိုလည်း ကမ္ဘာကသိအောင် ဖွင့်ပြနိုင်ခဲ့သူဖြစ်သည်။

ဆုရရှိသည့်အတွက် သူမ၏ခံစားချက်များကို ပြောပြရာတွင် သူမက မိမိအနေဖြင့် ဆုရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြောင်း၊ ဦးလေး ဖဒိုမန်းရှာကိုလည်း အထူးလေးစား ကြည်ညိုခဲ့ရကြောင်း၊ သူသည် လူငယ်များကို အထူးအာရုံထား ပံ့ပိုးခဲ့သူဖြစ်ကြောင်း၊ ဆုရရှိသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ ဤဆု သည် မိမိတစ်ဦးတည်းအတွက် ရည်ရွယ်သည်ဟု မယူဆကြောင်း၊ မိမိ၏ လုပ်ဖော်ကိုင်ဖက် ကရင်လူ ငယ် မောင်မယ်အားလုံး ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် ယခုလို ဆုရရှိခဲ့သည်ဟု ပြောလိုကြောင်း ပြောကြားခဲ့သည်။

ဖဒိုမန်းရှာ၏ ငယ်ရွယ်သူခေါင်းဆောင်မှုဆုကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် မန်းရှာဖေါင်ဒေး ရှင်းက ထူထောင်ခဲ့ပြီး ရည်ရွယ်ချက်မှာ မိမိတို့ လူ့သိုင်းအ၀ိုင်းနှင့် ပါဝင်လုပ်ကိုင်နေကြသည့် အဖွဲ့အ စည်းများတွင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သော အသက် ၃၅ နှစ်အောက် လူငယ်များကို ဂုဏ်ပြုအားပေး ရန် ဖြစ်သည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖဒိုမန်းရှာ လုပ်ကြံခံရပြီးမကြာမီတွင် ကျန်ရစ်သူမိသားစုများဖြစ်ကြသည့် ဇနီးနန့်ကျင်ရွှေနှင့် သားသမီးလေးဦးတို့က ကွယ်လွန်သူ ဖဒိုမန်းရှာ အမှတ်တရအဖြစ် ထူထောင်ခဲ့ပါသည်။

No comments: